ကျိုက်ဒုံ ဖေဖော်ဝါရီ ၂၁
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး စစ်ဆေးမှုများ တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူးဦးမင်းဇော်နှင့် ရပ်ကွက်စာရေးများ၊ မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ထက်နှင့် မီးသတ်အဖွဲ့များ၊ တာဝန်ရှိသူများက အမှတ်(၁)၊ အမှတ်(၂)ရပ်ကွက်များရှိ နေအိမ်များတွင် မီးချိတ်မီးကဒ်၊ ရေပုံးသဲပုံး၊ မီးသတ်ဆေးဗူး များ၊ နေအိမ်မီးဖိုချောင် အထားအသိုများ သတ်မှတ်ထားသည့် စည်ကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊မရှိ စစ်ဆေးပြီး လိုအပ်သည်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)