ပြည် ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအပါအဝင် မြို့နယ်အဆင့်ဌာန ပေါင်းစုံမှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက အဖွဲ့ (၁၁) ဖွဲ့ခွဲ၍ပြည်မြို့ပေါ်ရပ်ကွက်ကြီး (၁၀)ခုနှင့် ပေါင်းတလည် မြို့တို့ရှိ စည်ပင်သာယာဈေး များနှင့် ဈေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ အပါအဝင် လူစည်ကားရာနေရာများနှင့် လမ်းမများ၌ ပြင်ပထွက်ခွာသွားလာသူတိုင်း ပါးစပ် နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ရေး၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များ နှင့်အညီ ပြုမူနေထိုင်သွားလာ ရေး၊ Mask မတပ်ဆင်သူများအား ဒဏ်ကြေးငွေကျပ် ၅၀၀ ဖြင့် ပါးစပ်နှာခေါင်းစည်း(mask) သုံးခုပေး၍ အပြင်ထွက်တိုင်း Mask တပ်ဆင်ရန်မမေ့စေရေး စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများကို ဖေဖော်ဝါရီ ဒုတိယပတ်ကစတင်၍ အရှိန်အဟုန်မြှင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာစစ်ဆေးတွေ့ရှိနေပြီး ဖေဖော်ဝါရီ ၁၉ ရက် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသူ စုစုပေါင်း (၂၇၁) ဦးအနက် ရောဂါပိုးစစ်ဆေးတွေ့ရှိအတည်ပြုလူနာ (၁၈) ဦးတွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့ကို ပြည်မြို့ခုတင် (၅၀၀) ပြည်သူ့ဆေးရုံကြီးနှင့် သက်ဆိုင်ရာပြည်သူ့ဆေးရုံအသီးသီး၌ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)