မြိတ်မြို့တွင် အိမ်သုံးနှင့် တစ်နိုင်တစ်ပိုင်စီးပွားဖြစ် ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းပေး

မြိတ် ဖေဖော်ဝါရီ  ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ဖေဖော်ဝါရီ(၂၀)ရက် နေ့လယ်ပိုင်းက အိမ်သုံးနှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင်သည့် ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပေးခဲ့သည်။

ဆပ်ပြာဆီ ပြုလုပ်ရာတွင် ပလပ်စတစ်ပုံးအကြီးဖြင့် ဖျော်စပ်ရပြီး ဖုံအကြီးဖျော်ရာတွင် တစ်လီတာဘူး ရေ(၂၀)လီတာ၊ ဖုံအသေးဖျော်ရာတွင် တစ်လီတာဘူး ရေ(၁၀)လီတာထည့်ရ၍ ဆပ်ပြာအဆီ ပြုလုပ်သည့်ဂျယ်လီ၊ ဆန်အမုန့်၊ စိတ်ကြိုက်အရောင်နှင့် အနံ့၊ ဆားတို့ကို ထည့်ကာ တစ်နာရီဖျော်စပ်ရကြောင်း၊ ဖျော်စပ်ရမည့် ပါဝင်သည့် ပစ္စည်းအချိုးအစားအတိုင်းကို အရောင်းဆိုင်များတွင် ရောင်းချပေးကြောင်း သိရသည်။

ဆပ်ပြာဆီသည် အိမ်သုံး အဝတ်လျှော်၊ အိုးဆေး၊ ပန်ကန်ဆေးခြင်းကို လူတိုင်းနီးပါး အသုံးပြုနေ ကြပြီး အရောင်းဆိုင်များတွင် ဝယ်ယူအသုံးပြပါက တစ်လီတာဘူးတစ်ဘူးလျှင် (၈၀၀)ကျပ်မှ (၁၀၀၀)ကျပ်အထိ ပေးဝယ်ရကြောင်း သိရသည်။ ဆပ်ပြာဆီ ပြုလုပ်နည်း သင်တန်းပေးရာတွင် တနိုင်တပိုင် ဖျော်စပ်ရောင်းချနေသူ သင်တန်းနည်းပြ ဆရာမက လက်တွေ့သင်ကြားပေးခဲ့ရာ စိတ်ပါဝင်စားသူများ လာရောက်လေ့လာ သင်ယူခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)