ပိုင်ကျုံ ဖေဖော်ဝါရီ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ထိုးရန် ကျန်ရှိနေသေးသော ရပ်ဝေးရွာဝေးမှ ပြည်သူများအား ယနေ့နံနက်မှ စတင်၍ ကွင်းဆင်း၍ ပိုင်ကျုံမြို့ အ.ထ.က ပေါင်ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများတို့က ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပိုင်ကျုံမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေရန် အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး