ဘားအံ ဖေဖော်ဝါရီ ၂၀
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ရောဂါသည် မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် မျိုးကွဲတစ်ခုအနေဖြင့် ပြန်လည်ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပေါ်လျက်ရှိရာကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရ၏ စီစဉ်လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဦးဆောင်၍ ဘားအံမြို့နယ် ကုတင်၅၀ ဘားအံတိုင်းရင်းဆေးရုံတွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအား ကုသပေးနိုင်ရန်အတွက် ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား ယမန်နေ့ နံနက်ပိုင်းအချိန်က ဘားအံခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအနေဖြင့် လာရောက်ကုသမှု ခံယူရာတွင် နေရာထိုင်ခင်း အဆင်ပြေစေရေး၊ အောက်ဆီဂျင် အလုံအလောက်ရရှိပြီး၊ အလွယ်တကူအသုံးပြုနိုင်ရေး၊ ကုသရေးသုံး ပစ္စည်းများ လုံလောက်စွာ ထားရှိနိုင်ရေး၊ လေကောင်းလေသန့် ရရှိစေရေး၊ ရေ၊ မီး၊ မိလ္လာ စနစ်များ အထူး ကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို အဓိကထား စစ်ဆေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၉)ရက်နေ့အထိ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ (၈၁)ဦး အထိရှိပြီး ရောဂါကြောင့် လူနှစ် ဉီးသေဆုံးမှု ဖြစ်ပေါ်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား အမျိုးသားရေး အသွင်ဖြင့်မှတ်ယူပြီး တိကျစွာ လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)