ဖားဆောင်းမြို့နယ် ​​ခဲမဖြူ​​ကျေးရွာတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ် ပြည့်ထိုးနှံ​ရေး မြန်မာ၊ ကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ဖားဆောင်း  ဖေ​ဖော်ဝါရီ  ၂၀       

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်ရန်နှင့် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေး အကြိမ်ပြည့် ထိုးနှံကြ​စေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိရာ ယနေ့ နံနက်(၈)နာရီအချိန်က  မြို့နယ်ကိုဗစ်-၁၉​​ ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦး၏ ကြီးကြပ်မှုဖြင့်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခဲမဖြူ​ကျေးရွာ အုပ်ချုပ်​ရေးမှူးနှင့် စေတနာ့ဝန်ထမ်းတို့က ပူးပေါင်း၍ ခဲမဖြူ​​​ကျေးရွာတွင် မြန်မာ၊ ကရင်နှစ်ဘာသာဖြင့် ​ လိုက်လံ နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်အဖြစ် မြန်မာနိုင်ငံ၊ ကယားပြည်နယ် အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက် ပျံ့နှံမှုများ ပိုမိုများပြားလာနေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို  ဆက်လက်ကာကွယ် တားဆီးနိုင်ရန်နှင့် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးအကြိမ်ပြည့် ထိုးနှံကြရန်၊ ဖားဆောင်းမြို့နယ် ​​ခဲမဖြူ​​​ကျေးရွာတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ် ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ် အခန်းများကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ် ထားကြရန်၊ အပြင်မှ ပြန်လာတိုင်း Mask စနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက် ခံရသည်ဟု သံသယ ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်စသည့် အချက်များကို  မြန်မာ၊ ကရင်နှစ်ဘာသာဖြင့် စဉ်ဆက်မပြတ် နှိုး​ဆော်​ပေးလျက်ရှိ​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)