ထားဝယ် ဖေဖော်ဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ် အိုမီခရွန် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ယနေ့နံနက်ပိုင်းက လူစည်ကားသောနေရာများတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက စျေး၊ ကားဂိတ်များနှင့် သွားလာလျက်ရှိသော အများပြည်သူများအား နှာခေါင်းစည်း Μask တပ်စေလိုသောအားဖြင့် အများပြည်သူများအား နှာခေါင်းစည်း Μask များ ဖြန့်ဝေပေးခြင်း၊ အများ ပြည်သူမြင်နိုင်သော နေရာများတွင် အသိပညာပေးပိုစတာများ ကပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ် စေရန် ဆောင်ရန်/ ရှောင်ရန် အချက်များ ပါရှိသည့် လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကိုကိုနိုင်နှင့်အဖွဲ့များက ပြည်သူ များအနေဖြင့် နေအိမ် ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း Μask စနစ်တကျ တပ်ဆင်ပြီးမှသွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာမှ နေထိုင်ကြ ရန်၊ လက်ကိုစက္ကန့် ၂၀ အကြာ မကြာခဏဆေးကြောပေးရန်၊ နေအိမ်ရှိအသက်(၆၀)နှစ်အထက်အသက်ရွယ် ကြီးရင့်သူများ၊ သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် နာတာရှည်ရောဂါ အခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူ စားသောက်ခြင်း မှ ရှောင်ကျဉ်ရန်၊ ပါးစပ် နှာခေါင်းစည်း မတပ်ဆင်ထားသော စျေးရောင်းချသူများ ထံမှ စျေးမဝယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာ များပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား၍ ဆေးကုသမှုခံယူ ပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်စေရေး အသိပညာပေး လုပ်ငန်း များကို လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)