ပွင့်ဖြူ ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများ က မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို စနစ်တကျ အသုံးချပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ်တွင် ငှက်ပျောစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းပြီး ငှက်ပျောအထွက်နှုန်း ကောင်းမွန်သော်လည်း ဈေးကောင်းမရရှိသည့်အပြင် စိုက်ပျိုးစရိတ် အကုန်အကျများပြီး လုပ်ငန်းအဆင်မပြေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျောစိုက်ပျိုးတောင်သူများထံက သိရသည်။
ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဒေသခံကျေးလက်နေ တောင်သူများ စိုက်ပျိုးရေး လုပ်ငန်းကို တစ်နှစ်ပတ်လုံး စီးပွားဖြစ်လုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ ကုလားပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲသီးနှံနှင့် စားပင်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း သိရသည်။ အချို့တောင်သူများမှာ ဥယျာဉ်ခြံမြေများ ပြုလုပ်ကာ ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျော၊ ရခိုင်ငှက်ပျောတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
“ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းမှာ ငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းကိုလည်း စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ကျွန်တော်တို့ဒေသမှာ အများဆုံး စိုက်ပျိုးတဲ့ ငှက်ပျောကတော့ ဖီးကြမ်းငှက်ပျော ဖြစ်ပါတယ်။ ဖီးကြမ်းငှက်ပျောက စားသုံးသူအကြိုက်တွေ့ကာ ဈေးပိုရတဲ့အတွက် တောင်သူတွေအများစုက အားထားစိုက်ပျိုး ကြတာဖြစ်ပါတယ်။ ငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းက ကျွန်တော်တို့ဒေသမှာ အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ ခါတိုင်း နှစ်တွေက ဖီးကြမ်းငှက်ပျောတစ်ဖီးကို ငွေကျပ် (၁၀၀၀၊ ၁၂၀၀) ရောင်းချရလို့ လုပ်ငန်းအဆင်ပြေပါတယ်။ ဒီနှစ်က တော့ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းပေမယ့် စိုက်ပျိုးစရိတ်အရင်းအနှီးက အကုန်အကျ များနေတယ်။ ငှက်ပျောစိုက်ခင်းအတွက် ရေသွင်းစရိတ်နဲ့ အပင်ပြုစုရတဲ့ လုပ်အားခ စရိတ်တွေက အကုန်များပြီး ငှက်ပျောဈေးနှုန်းကလည်း မကောင်းတော့ ငှက်ပျောစိုက်ပျိုးတောင်သူ တွေ သီးနှံဝင်ငွေအမြတ် မရရှိတဲ့အပြင် အရှုံးပေါ်နေကြပါတယ်။ လက်ရှိက ဆီဈေးကအတက် ကြမ်းနေတော့ ငှက်ပျောတစ်ဧကကို ရေတစ်ကြိမ်သွင်းရင် အနည်းဆုံး ဆီ(၃)ဂါလံလောက် ကုန်ပါ တယ်၊ ဆီတစ်ဂါလံကို ၇၄၀၀ ပေးဝယ်ရပါတယ်။ ကျန်တဲ့ အလုပ်သမားငှားရတဲ့ ကုန်ကျစရိတ်တွေ လည်းရှိတော့ တွက်ချေမကိုက်ဘူး။ ပြီးခဲ့တဲ့နွေတုန်းက ငှက်ပျောဈေးကွက်က ဖီးကြမ်းတစ်ဖီးကို ငွေကျပ်(၉၀၀ ၊ ၁၀၀၀) ရောင်းချရပါတယ်။ ယခုလက်ရှိမှာတော့ ငှက်ပျောတစ်ဖီးကို ငွေကျပ် ၇၀၀ ဈေးနဲ့ ရောင်းနေရတယ်။ ငှက်ပျောဈေးကွက် မကောင်းတဲ့အတွက် စိုက်ပျိုးတောင်သူတွေရော၊ တစ်ဆင့် ပြန်လည်ရောင်းချတဲ့ ဈေးသည်တွေရော လုပ်ငန်းအဆင်မပြေကြပါဘူး။ မိသားစုစားဝတ် နေရေးကြောင့်သာ လုပ်ကိုင်နေကြရပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျော စိုက်ပျိုးတောင်သူ ဦးကျော်ဆန်းက ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)