မြို့သစ်မြို့နယ်၌ ရပ်ကွက်တွင်း ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် အုတ်ရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

မြို့သစ် ဖေဖော်ဝါရီ ၂၀

မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနက ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ထောက်ပံ့ရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သည့် ကွက်သစ်ရပ်ကွက်၊ မြမဉ္စူလမ်း အုတ်ရေမြောင်းပြုလုပ်ခြင်း  ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဖေဖော်ဝါရီ ၁၈ ရက်က တာဝန်ခံအင်ဂျင်နီယာ ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့စည်ပင်သာယာရေး ဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ ဦးဗိုလ်ဌေးနှင့် ဝန်ထမ်းများက ကွက်သစ်ရပ်ကွက်၊ မြမဉ္စူလမ်းအုတ်ရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါ ကွက်သစ်ရပ်ကွက်၊ မြမဉ္စူလမ်းအုတ်ရေမြောင်း အရှည်(၇၆၀)ပေ၊ အကျယ်(၂)ပေ၊ အမြင့်(၂)ပေကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ(၁၂ဒသမ၁)ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)