ကျောက်တံခါး ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့က မြို့ချောင်း ကျေးရွာအုပ်စု ဒညင်းကုန်း ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ဖဒိုနယ်မြေစခန်မှူး ဒုရဲမှူးထွန်းထွန်းအောင်တို့က အမှာစကားပြောကြားကြပြီး ကြက်ခြေနီဂုဏ်ထူးဆောင် ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးသိမ်းအောင်မှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက် သုံးရပ်ဖြစ်သော ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးဒုက္ခကျရောက် နေသူများအား ကူညီစောင့်ရှောက်ရန်ဟူသော ရည်ရွယ်ချက်နှင့်အညီ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ အရံအင်အားများ ဖြစ်လာစေရန်၊ လူငယ်အချင်းချင်း ချစ်ကြည်လေးစားစွာ ပေါင်းသင်းဆက်ဆံတတ်စေရန်၊ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် ကျန်းမာရေး ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် လူထုအတွင်းရောဂါသည်များအား နှိမ့်ချဆက်ဆံမှုနှင့် ပစ်ပယ်ခွဲခြားဆက်ဆံမှုများ လျော့နည်းသွားစေရန်တို့အား ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီအသင်းနှင့် ကျောက်တံခါးမြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ သင်တန်းတွင် ပထမထူးချွန်ဆု ဦးဥက္ကာအောင်၊ ဒုတိယထူးချွန်ဆု ဦးချစ်သက်ပိုင်နှင့် တတိယထူးချွန်ဆု နော်ထရေဇာတို့မှ ရရှိခဲ့ပြီး သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ အား တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ သင်တန်းကို ဖေဖော်ဝါရီလ (၁၆)ရက်မှ (၁၈)ထိဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)