ဂန့်ဂေါ သြဂုတ် ၂၈
ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP ၏ ထောက်ပံ့မှုအရ ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်လုပ်ငန်း (၄၆၀) ဧကကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ မျိုးစေ့ထုတ်စိုက်ခင်းများအားလုံး စိုက်ပျိုးပြီးဖြစ်သဖြင့် မျိုးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ငွေများကို မျိုးစေ့ထုတ်တောင်သူများထံသို့ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ယမန်နေ့က ဂန့်ဂေါခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့်၊ ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်နှင့် ဝန်ထမ်းများသည် နှမ်းခါးကျေးရွာ၊ ကန်ကျေးရွာနှင့် တောင်ယာပြင်ကျေးရွာတို့ရှိ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးသူ တောင်သူများထံ မျိုးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ငွေများပေးအပ်ကြသည်။
ပေးအပ်ပွဲများတွင် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က CERP အစီ အစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်လုပ် ငန်းများ ဆောင်ရွက် ရခြင်း၏ ရည်ရွယ်ချက်များနှင့် မျိုးစေ့ထုတ်တောင်သူများနှင့် မျိုးစေ့ထုတ်လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်သူများအတွက် အကျိုးအမြတ်ရရှိပုံများ၊ မျိုးစေ့ထုတ်လုပ်ငန်းများ အောင်မြင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများက တောင်သူများ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ဆွေးနွေးကြကာ တောင်သူကိုယ်စားလှယ်တစ်ဦးစီက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြသည်။ ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်လုပ်ငန်း (၄၆၀) ဧကကို ကျေးရွာ (၁၀)ရွာ၌ မျိုးစေ့ထုတ် သမဝါယမနှင့် မျိုးစေ့ထုတ် အသင်းများ၊ အကျိုးဆောင်တောင်သူများက ကျေးရွာ ၁၀ ရွာ၌ စိုက်ပျိုးကြပြီး ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် CERP ၏ ထောက်ပံ့မှုအရ မျိုးစေ့ ထုတ်စိုက်ခင်းတစ်ဧကလျှင် မျိုးစေ့ဖိုး အပါအဝင်ထောက်ပံ့ငွေ (၁၄၈၅၀၀)ကျပ် (ကျပ်တစ်သိန်း လေးသောင်း ရှစ်ထောင့်ငါးရာတိတိ) ကို ထောက်ပံ့သွားမည်ဖြစ်ရာ ယခု ပထမအသုတ်အဖြစ် မျိုးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ် တစ်ဧကလျှင် (၈၃၅၀၀) ကျပ်နှုန်းဖြင့် (၄၆၀) ဧကအတွက် (၃၈၄၁၀၀၀၀)ကျပ် (ကျပ်သုံးရာ ရှစ်ဆယ့်လေး သိန်း တစ်သောင်းတိတိ) ကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
တောင်သားမောင်သန်း