ဘိုကလေး ဖေဖော်ဝါရီ ၂၀
ပူပြင်းခြောက်သွေ့လှသည့် နွေရာသီအား မကြာခင်ကာလတွင် ရောက်ရှိတော့မည် ဖြစ်သောကြောင့် မြို့နယ်အတွင်း မီးလောင်ကျွမ်းမှုများ မဖြစ်စေရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးစိုးထက်အောင်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ရွှေတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အား ယမန်နေ့ မွန်းလွဲ(၃)နာရီတွင် ကျင်းပဆောင်ရွက်သည်။
၎င်း Talk Showတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ရွှေက Talk Show ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များပြောကြားပြီး မြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးစိုးထက်အောင်က "မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ခြင်းသည် မီးငြိမ်းသတ်ရေးထက် ကောင်းမွန်သည်" ဟူသည် စကားရပ်နှင့်အညီ မီးလောင်မှု ဖြစ်ပွားလာပါက ငြှိမ်းသတ်သော်လည်း ဆုံးရှုံးမှု အနည်းနှင့် အများရှိနိုင်သဖြင့် မီးလောင်မှု မရှိစေရန် ကြိုတင်ကာကွယ်ခြင်းဟာ ပိုမိုကောင်းမွန်ကြောင်း၊ ၎င်းတို့ မြို့နယ်မီးသတ်တပ်ဖွဲ့တွင် သန္ဓေတပ်ဖွဲ့ဝင်(၂၇)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၁၅၀၅)ဦးနှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်(၃၉) ဦးတို့ဖြင့် မီးဘေးကာကွယ်ရေး၊ မီးဘေးလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ မီးငြိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အပေါ့စားမီးသတ်စက်(၁၄)လုံးနှင့်Fire Boat (၁)စီး ၎င်းတို့တပ်ဖွဲ့တွင် အသင့်ရှိကြောင်း၊ အကူယာဉ်များအနေဖြင့် ရပ်ကွက်/ကျေးရွာများတွင် ရေသယ်ယာဉ် အမျိုးအစားအစုံ(၉)စီး ရှိကြောင်း၊ မီးလောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်နိုင်ရေးအတွက် အုတ်ရေလှောင်ကန်(၁၁)ကန်၊ သဘာဝရေကန်(၂၃)ကန်၊ ဘိုကလေးမြစ်နှင့် နတ်ချောင်းတို့မှ ရေရရှိသုံးစွဲနိုင်ကြောင်း၊ မီးကိုပေါ့ဆစွာ သုံးစွဲခြင်း၊ ခြင်ဆေးခွေ၊ ဖယောင်းတိုင်၊ အမွှေးတိုင်များအား ပေါ့ဆစွာ ထွန်းညှိခြင်း၊ သက်တမ်းလွန် ဝါယာကြိုးများသုံးစွဲခြင်း၊ လျှပ်စစ်ဗို့အားမြင့်စက်များ အသုံးပြုပြီး စစ်ဆေးမှုမရှိခြင်း၊ ဓာတ်ကြိုးများရေစို၍ ဝါယာရှော့ဖြစ်ခြင်းတို့ဖြင့် မီးလောင်ကျွမ်းမှုများဟာ အများဆုံး တွေ့ရှိရကြောင်း အသိပညာပေး ပြောကြားခဲ့သည်။
၎င်း Talk Show အား မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ We Love Bogalay လူမှုကွန်ယက် စာမျက်နှာတွင် လွှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ၎င်းလူမှု ကွန်ယက် စာမျက်နှာတွင် အများပြည်သူ မှတ်သားဖွယ်ရာများ၊ အသိပညာပေး ကဏ္ဍများ၊ နိုင်ငံတော် ထုတ်ပြန်ချက်များနှင့် ဒေသဆိုင်ရာ သတင်းအချက်အလက်များအား အသိပညာပေး လွှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)