ဝေါ ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စိုက်နည်းစနစ် (၃)မျိုးဖြင့် စိုက်ပျိုးထားသည့် နွေစပါးစံပြစိုက်ခင်းများအား မြို့နယ်အတွင်းရှိ ကျေးရွာများမှ စပါးစိုက် တောင်သူများက ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးနည်းစနစ်များ ရယူကာ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ကွင်းဆင်းလေ့လာကြကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းလေ့လာရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျိုက်လှကျေးရွာအုပ်စု၊ ကျိုက်လှကျေးရွာတွင် စိုက်နည်းစနစ်(၃)မျိုးဖြင့် စိုက်ပျိုးထားသည့် နွေစပါးစံပြကွက်များ ဖြစ်သော နွေစပါး(GAP)စံပြစိုက်ခင်း၊ နွေစပါး(ကောက်စိုက်စက်) စံပြစိုက်ခင်းနှင့် နွေစပါး တိုက်ရိုက် အစေ့ချစံပြစိုက်ခင်းများအကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်မိုးလွင်က ရှင်းလင်းပြောကြားပြီး၊ တောင်သူများက သိလိုသည်များကို မေးမြန်းရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။
အဆိုပါ ကွင်းဆင်းလေ့လာရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စပါးစိုက်တောင်သူများ တက်ရောက်ကွင်းဆင်းလေ့လာကြကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)