ပွင့်ဖြူ ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် နွေသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူ များ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ မတ်လဆန်းတွင် စိုက်ပျိုးရေစတင် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ ရာသီအလိုက် သီးနှံများအချိန်မီ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရေးအတွက် မဲဇလီရေ လွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် နှစ်စဉ် ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“တောင်သူတွေကို စိုက်ပျိုးရေးဖြန့်ဝေပေးရာမှာ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် နွေစပါး၊ နွေနှမ်းနဲ့ အခြားနွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရန် ဖြန့်ဝေဆောင်ရွက်ပေးတာဖြစ်ပြီး ယခုနှစ်မှာတော့ ဆည်ရေနည်းတဲ့အတွက် နွေစပါး အတွက် စိုက်ပျိုးရေဖြန့်ဝေခြင်း မပြုဘဲ နွေနှမ်းနဲ့ အခြား နွေသီးနှံစိုက်ပျိုးရန်အတွက်သာ စိုက်ပျိုးရေ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေ ဖြန့်ဝေပေးမည့် ရက်ကတော့ ၂၀၂၂ ခုနှစ်၊ မတ်လ (၁)ရက်နေ့ကစပြီး ၃၁ ရက်နေ့အထိ အချိန်တစ်လကြာ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ နွေသီးနှံစိုက်ပျိုး တောင်သူများကိုလည်း လယ်ယာမြေများ ကြိုတင်ပြဆင်နိုင်ရေးအတွက် စိုက်ပျိုးရေဖြန့်ဝေမည့်ရက်ကို ကြိုတင်အသိပေး အကြောင်းကြားပြီးဖြစ်ပါတယ်။ ဆည်ရေနည်းတဲ့အတွက် တောင်သူတွေအနေနဲ့ နွေနှမ်းနဲ့ အခြား နွေသီးနှံစိုက်ပျိုးရာ၌ ဆည်ရေလေလွင့်ဆုံးရှုံးမှု မဖြစ်စေရန် စနစ်တကျ သုံးစွဲကြစေချင် ပါတယ်” ဟု ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောသည်။
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်း ၆၀၄၂၈ ဧက ၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အိုင်းမရေလွှဲဆည်ရေဖြင့် ၅၀၀ ဧက၊ စုစုပေါင်း နွေနှမ်းစိုက်ပျိုးဧက ၆၀၉၂၈ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၏ နွေသီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)