မင်းဘူး(စကု)မြို့နယ်၌ ကျေးရွာပေါင်း (၄)ရွာ အကျိုးဖြစ်ထွန်းမည့် ကုန်ထုတ်လမ်းဖောက်လုပ်

မင်းဘူး ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကျေးရွားပေါင်း (၄)ရွာမှ ဒေသခံ တောင်သူများ အကျိုးဖြစ်ထွန်းမည့် မြေနီကျောက်စရစ် ကုန်ထုတ်လမ်းကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် နေ့မှစတင်ပြီး ဖောက်လုပ်ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ဖောက်လုပ်ရာတွင် တောဘိုကုန်းကျေးရွာအနီး ပွေးကျစ်လက်တံမြောင်းမှ မြောက်မန်း မြောင်းမကြီးအထိ မြေနီကျောက်စရစ်ကုန်ထုတ်လမ်းကို လမ်းအရှည် ၂ / ၁ ဒဿမ ၁၅ မိုင်၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မဖြင့်  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ခွင့်ပြုငွေကျပ် ၅၄ ဒဿမ ၅ သန်းဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ပြီး၊ အောက်ခံမြေအမာ သိပ်သည်းမှုရှိစေရေး အပေါ်ယံမြေများ ဖယ်ထုတ်ကာ မြေနေရာရှင်း၍ လိပ်ကျော ပုံဖော်ခြင်းများ ဆောင်ရွက်နေကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးအောင်ကိုကိုထံက သိရသည်။

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်၊ ယခု မီနီဘတ်ဂျက်၊ ခြောက်လတာ ကာလအတွင်း မင်းဘူး(စကု)မြို့နယ်ရှိ ကိုင်တောကြီး၊ လက်ခုပ်ပင်၊ ကုလားဟောင်းမြောင်းနှင့် တောဘိုကုန်းရွာ ပွေးကျစ်လက်တံ မြောင်းတို့တွင် ကုန်ထုတ်လမ်း (၄)လမ်းကို ဖောက်လုပ်ပေးလျက်ရှိကြောင်း ၎င်းကပြောသည်။

အဆိုပါ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက ကျေးရွာပေါင်း (၄)ရွာမှ အိမ်ခြေပေါင်း (၁၆၇၀)အိမ်၊ လူဦးရေ (၇၂၀၄)ဦး၏ အကျိုးပြု စိုက်ဧကပေါင်း (၁၈၀၀)ကျော်မှ လယ်ယာ ထွက်ကုန် ပစ္စည်းများ ဈေးကွက်သို့ လွယ်ကူချောမွေ့လျင်မြန်စွာ တင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)