ခါမ်းပါတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ခါမ်းပါတ် ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့  မွန်းလွဲ တစ်နာရီခွဲအချိန်တွင် စာပေဝါသနာရှင်များ စုစည်းကာ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

"စာဖတ်ဝိုင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ပြည်သူ့စာကြည့်တိုက်ကို မှန်ကန်အကျိုးရှိစွာ အသုံးချတတ်လာအောင်ရယ် စာချစ်သူတွေ စုစုစည်းစည်းနဲ့ ပြောဆိုဆွေးနွေးတဲ့ အနေအထား ကနေတစ်ဆင့် ကျန်တဲ့ဆွေးနွေးပွဲတွေမှာ ပြောရဲဆိုရဲဖြစ်လာမယ်၊ နောက် သူတို့နဲ့ နီးစပ်သူတွေ ကနေ တစ်ဆင့် စာပေစိတ်ဝင်စားသူနဲ့ စာဖတ်သူတွေ တိုးတက်များ ပြားလာလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်" ဟု ခါမ်းပါတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဦးအောင်နိုင်ဝင်းထံမှ သိရသည်။

ဆွေးနွေးမှုပုံစံနှင့် ပတ်သက်၍လည်း "ပထမကတော့ အားလုံးသဘောတူ စာအုပ်တစ်အုပ် ရွေးမယ်ပေါ့၊ ဒါကိုမှ ဝိုင်းပြီး ဆွေးနွေးပြောဆိုကြမယ်၊ ဒါပေမယ့် အများဆန္ဒအရ ကိုယ်ဖတ် မှတ်ထားတဲ့ စာအုပ်ကိုဘဲ ပြောကြဆိုကြမယ်ဆိုပြီး ဖြစ်လာတာ၊ ရသစုံတော့ ခံစားရတာပေါ့၊ အားလုံးကတော့ လွတ်လွတ်လပ်လပ်ပါဘဲ" ဟု ဆက်ပြောပါသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ စိတ်ဝင်တစား ဆက်သွယ်တက်ရောက်လာသူ ဦးခမ်လျန့်မုန် က စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို အလွတ်တန်းပြောဆို ဆွေးနွေးသွားခဲ့ပြီး နောက်အပတ်များတွင် ရပ်ကွက်အတွင်းမှ စာပေဝါသနာရှင် လူငယ်လေးများကိုပါ စုစည်းခေါ်ဆောင်လာမည်ဟု ပြောကြားသွားကြောင်းလည်း သိရသည်။

ထို့နောက်ဆွေးနွေးသူ တစ်ဦးဖြစ်သည့် ဒေါ်ပပဝင်းက ဆရာဦးလွင်ဘို (မေ့ဆေး)ရေးသားသည့် "မချစ်ခဲ့လျှင်" စာအုပ်မှ ချစ်ခြင်းတရားအပေါ် ရှုမြင်သုံးသပ်ပုံတို့ကို ဆွေးနွေးသွားခဲ့ပြီး ဦးအောင်နိုင်ဝင်းမှ မှိုင်း(ဆေး-၂) ရေးသားသည့် "ပြတင်းပေါက်ကကြည့်လိုက်ပါ "စာအုပ်မှ "စာဖတ်ခြင်းမှာ မွေ့လျော်သူများ"စာစုဖြင့် ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် စာပေဝါသနာရှင်များ တိုးတက်များပြားလာနိုင်မည်ဖြစ် ပြီး အချိန်ကို အကျိုးရှိစွာ အသုံးချတတ်လာမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

 သားငယ်(ခါမ်းပါတ်)