အောင်မြင်ဖြစ်ထွန်းနေသော သီးထပ်နေကြာစိုက်ခင်း

ခါမ်းပါတ် ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ရှိ ဒေသခံအများစုသည် လယ်ယာ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး ဖွံဖြိုးတိုးတက် လာသော ခေတ်အခြေအနေအရ မိုးစပါးများ ရိတ်သိမ်းပြီးပါက သီးထပ်အဖြစ် နေကြာဆီထွက်သီးနှံနှင့် အခြားသော ရာသီသီးနှံတို့ကို တနိုင်တပိုင်မှသည် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လာကြပြီဖြစ်သည်။

နေကြာသီးနှံသည် စိုက်ပျိုးရန်လွယ်ကူခြင်းနှင့် စရိတ်စက နည်းပါးခြင်းတို့ကြောင့် စိုက်ပျိုးမှု အများဆုံးသော သီးနှံလည်းဖြစ်သည်။ အခြား ရာသီသီးနှံများဖြစ်သည့် မြေပဲ၊မှုန့်ညှင်း၊ ကြက်သွန်၊ ခရမ်းချဉ်မှုန်လာထုပ် စသည်တို့ကိုလည်း တနိုင်တပိုင် စိုက်ပျိုးလုပ်ကိုင်လျက် ရှိကြသည်။

နေကြာစိုက်ပျိုးရာတွင် တစ်ဧကထွန်ယက်ခအနေဖြင့် ငွေကျပ်တစ်သောင်းခွဲပေးရပြီး တစ်ဧကလျင် တင်းနှစ်ဆယ်ခန့် ထွက်ရှိကြောင်းလည်း သိရသည်။ မျိုးအနေဖြင့် ဒေသမျိုးများကို စိုက်ပျိုးကြသလို အထွက်တိုး မျိုးကောင်းမျိုးသန့်များကိုလည်း ဝယ်ယူစိုက်ပျိုးလျက် ရှိကြသည်။

"သူက ရေမြေအခြေအနေအရ တစ်ဧကကို တင်းနှစ်ဆယ်လောက်အထိ ထွက်တယ်.. မနှစ်ကတော့ တစ်တင်းကို ၉၀၀၀ လောက် ရောင်းရတယ်.. စရိတ်စကနည်းတယ်.. ဖြစ်ထွန်းမှုလည်း ရှိတယ်ဆိုတော့ တော်တော်များများက သည်နေကြာကို စိုက်ကြပါတယ်. အဓိက ကတော့ ရေပေါ့.. ရေသွင်းရေထုတ်နဲ့ ရေရှိမှုကောင်းမှသာ သီးနှံကအောင်မြင်တာပါ.."ဟု ကမ္မကြီးကျေးရွာမှ နေကြာစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ခါမ်းပါတ်မြို့အတွင်းရှိ လယ်ယာမြေအများစုသည် ချောင်းမြောင်းများကိုသာ အဓိကအားထား နေရပြီး ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုဖြစ်ပွားပြီး နောက်ပိုင်း ချောင်းမြောင်းများ ကောလာပြီး ရေအရင်းအမြစ်များ နည်းပါးလာပြီဖြစ်ကြောင်းလည်း သိရသည်။

ယခင်ကာလများတွင်မူ မိုးစပါးများ ရိတ်သိမ်းပြီးပါက ရိုးပြတ်များကို ကျွဲနွားစားကျက်အဖြစ် ထားရှိကြပြီး လက်ရှိတွင်မူ စက်မှုလယ်ယာ ခေတ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်နှင့်အညီ မိသားစုဝင်ငွေတိုးစေမည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးလာကြပြီဖြစ်ကြောင်းလည်း သိရသည်။

သားငယ်(ခါမ်းပါတ်)