တနင်္သာရီ ဖေဖော်ဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ မောတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မောတောင်မြို့ ပြည်ထောင်စု(၁)လမ်းနှင့် အောင်ဇေယျလမ်းအတွင်း ဈေးရောင်းချနေသူများအား ယမန်နေ့နံနက် ၈ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိကို ရှောင်တခင်စစ်ဆေး၍ အသိပညာပေး ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ဈေးဆိုင်များအား စစ်ဆေးရာတွင် မောတောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်နှင့် ဝန်ထမ်းများ၊ မောတောင်နယ်မြေ ရဲစခန်းမှတပ်ကြပ် အောင်မင်းသိမ်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးမျိုးအောင်နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဌာန ဆရာမနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ၊ အမှတ်(၁)ရပ်ကွက်နှင့် မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ဈေးဆိုင်ရောင်းချသူများ အား တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆိုင်ရာ ညွှန်ကြားချက်/ လမ်းညွှန်ချက် လိုက်နာရမည့်အချက်များအပေါ် ဈေးရောင်းသူများ လိုက်နာ၍ရောင်းချနေမှု ရှိ/မရှိစစ်ဆေး ကြပြီး ဈေးရောင်းချသူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask နှင့် Face Shield တို့ကိုစနစ်တကျ ဝတ်ဆင်၍ရောင်းချရန်၊ ဈေးဝယ်ယူသူများကိုလည်း Mask ဝတ်ဆင်ပြီးမှဝယ်ယူ ကြစေရေး၊ ဆိုင်အရှေ့မှာ လက်သန့်ဆေးရည်/ဆပ်ပြာရည်နှင့် လက်ဆေးဘေစင် ထားရှိရေး စသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို မပျက်မကွက်လိုက်နာကြပါရန် အသိပေးပညာပေးပြောကြားကာ Mask များ အခမဲ့ဖြန့်ဝေပေးကြောင်း သိရှိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)