ကျောက်ကြီးမြို့နယ်၌ မြို့နယ်အဆင့် သံဃနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ သံဃာ့ဝန်ဆောင်အစည်းဝေးပွဲပြုလုပ်

ကျောက်ကြီး ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် မြို့နယ်အဆင့်သံဃနာယက အဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ သံဃာ့ဝန်ဆောင် အစည်းအဝေးပွဲပြုလုပ်ခဲ့သည်။

အစည်းဝေးပွဲအား အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ ဝံသာရုံကျောင်းတိုက် တိုင်းအဆင့်သံဃာ့ နာယက ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဝိလာသဂ္ဂ  (ရွေးချယ်ဖွဲ့စည်းခြင်း ကြီးကြပ်ရေးအဖွဲ့ ခေါင်းဆောင်)အဖြစ် တက်ရောက်ပြီး၊ အခမ်းအနားမှူး ဆရာတော်မှ အစည်းအဝေးသို့ ကြွရောက်တော်မူသော မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များအား ဖတ်ကြားလျှောက်ထား ခြင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများကို လျှောက်ထားခြင်း၊ ဆက်လက်ပြီး အခမ်းအနားမှူး ဆရာတော်က အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသော ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို ကြေညာခြင်း၊ ပြန်လည်ရွေးချယ်နိုင်ရန် အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် အမည်စာရင်းတင်သွင်းမည့် အဆိုရှင် မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်ကို ဖိတ်ခေါ်ခြင်း၊ ယင်းအဆိုကို သက်ဆိုင်ရာ နယ်မြေအလိုက်ထောက်ခံမည့် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်ကို ဖိတ်ခေါ်ခြင်း၊ သဘာ ပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် မြို့နယ်သံဃနာယက ဆရာတော် ဘွဲ့အမည် စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးသို့ တင်သွင်းပြီး သာဓု (၃)ကြိမ်ခေါ်ဆို၍ အတည်ပြုပေးပြီး၊ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းအပိုဒ် (၃၅၊ ၉၇၊ ၂၀၉)များကို ရှင်းလင်း လျှောက်ထားပြီး သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာမြွက်ကြားရန်၊ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ မြို့နယ်သံဃနာယကအဖွဲ့ဝင်များ အစားထိုးရွေးချယ်ခြင်း အစည်း အဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားအား တိုင်းအဆင့် သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ မြို့နယ်အဆင့် သံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်များ၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့​ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်