ဘားအံမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး အမျိုးသားဆံပင်ညှပ်သင်တန်း ဖွင့်လှစ်

ဘားအံ  ဖေဖော်ဝါရီ   ၁၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်၊ ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီနှင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းကော်မတီတို့မှ ပူးပေါင်း ဖွင့်လှစ်သည့် အမျိုးသားဆံပင်ညှပ် သင်တန်းကို အစိုးရနည်းပညာ အထက်တန်းကျောင်း (ဘားအံ)တွင် ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသင်တန်းကို ကလေးအလုပ်သမားများ ပပျောက်ရေးနှင့် ကလေးငယ်များအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ဒေသတွင်းလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နည်းပညာနှင့် သက်မွေးပညာရပ်များ သင်ယူနိုင်မှုအခွင့် အလမ်းများ ရရှိစေနိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး တစ်ဦးချင်း ဝင်ငွေပိုမိုမြင့်မားလာစေရန် သက်မွေးပညာရပ် ဆိုင်ရာ ကာလတိုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)မှ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာနန်းမိုးမိုးကြည်ထံမှ သိရှိရသည်။

အမျိုးသားဆံပင်ညှပ်သင်တန်းကို (၁၄-၂-၂၀၂၂) ရက်နေ့မှ (၁၁-၃-၂၀၂၂) ရက်နေ့ထိ (၁)လတာကာလ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ပြီး အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့ထိ နေ့စဉ်နံနက်(၉:၀၀)နာရီမှ မွန်းလွဲ(၄:၀၀)နာရီထိ သင်ကြားပေးလျက်ရှိသည်။ ၎င်းသင်တန်းတွင် အခြေခံကတ်ကြေးကိုင်သည့် အဆင့်မှစ၍ ခေတ်မီဆံပင်ပုံစံအမျိုးမျိုးညှပ်နည်းများကို သင်ကြားပေးသွားမည် ဖြစ်ကြောင်းနှင့် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများမှ အသက်(၁၈)နှစ် အောက် သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းကာလပြီးဆုံးပါက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင် ပြန်/ဆက်