ပလောက် ဖေဖော်ဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင် ဦးဆောင်သည့်အဖွဲ့သည့် မီးဘေးသတိမူရေးအသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်(၇)နာရီခွဲက ပလောက်တံတားထိပ်၊ မြိတ်-ထားဝယ် ကားလမ်းတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးလက်ကမ်းစာစောင်တွင် မီးလောင်ကျွမ်းခြင်းအကြောင်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မီးသတ်ယာဉ်များ အမြန်ဆုံးလာရောက်ငြှိမ်းသတ်နိုင်ရေးအတွက် သတင်းပေးပို့သင့်ပုံ၊ ကားတိုင်းတွင် မီးသတ်ဆေးဘူးဆောင်ထားသင့်ပုံ၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လျှင် ဆက်သွယ်ရန်ဖုန်းနံပါတ်များ၊ ဓာတ်ဆီဖြည့်လျှင်/ ဓာတ်ဆီဖလှယ်လျှင် သတိထားသင့်သော အကြောင်းအရာများ၊ အပြင်သွားမည်ဆိုပါက မီးဖို၌ မီးကြွင်း မီးကျန်စစ်ဆေးသင့်ပုံ၊ ဆေးလိပ်သောက်သောသူများ သတိဆောင်သင့်ပုံ စသည့် အကြောင်းအရာများ ပါဝင်သည်။
၎င်းအပြင် မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက (၂၄) နာရီ အကူအညီတောင်းခံနိုင်ရန်အတွက် မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်(191) စတေကာများကပ်နှိပ်ပေးကာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နှင်းမြူလွင်