မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်စည်းကမ်းချက်နှင့်အညီရောင်းချရေး စစ်ဆေးပညာပေး

မြိတ်   ဖေဖော်ဝါရီ   ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ စစ်ဆေးတွေ့ရှိမှုများ များပြားလာသဖြင့် လူစုလူဝေးဖြစ်နိုင်သည့် နေရာများတွင် ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ် စည်းကမ်းချက်များနှင့်အညီ ပြန်လည်ရောင်းချကြရန် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံစစ်ဆေး ပညာပေးခြင်းကို ဖေဖော်ဝါရီ(၁၈)ရက် က စတင်ဆောင်ရွက်ခဲ့ကြသည်။

“ဒီကာလမှာ ရောဂါပိုးရှိသူ စစ်ဆေးတွေ့ရှိမှုတွေများလာပါတယ်။ များလာတဲ့အတွက် လူစုလူဝေး ဖြစ်ပေါ်နိုင်တဲ့ စားသောက်ဆိုင်တွေနဲ့ တခြားလူစုလူဝေးဖြစ်နိုင်တဲ့ နေရာတွေကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ကိုဗစ် စည်းကမ်းနဲ့အညီ နေထိုင် ရောင်းချကြဖို့ မြို့နယ်ကိုဗစ်ကော်မတီ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတွေ၊ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး လိုက်လံစစ်ဆေးပညာပေးခြင်းဖြစ်ပါတယ်” ဟု မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမင်းက ပြောသည်။

စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ပြန်လည် ရောင်းချကြရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရန်မီးသတ်နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် ပရဟိတအဖွဲ့များမှ တာဝန်ရှိသူများ ပူးပေါင်း၍  လိုက်လံစစ်ဆေး အသိပညာပေးခြင်းကို ဆောင်ရွက်လျက်ရှိပြီး လိုက်နာဆောင်ရွက်ခြင်းရှိမရှိကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ နေ့စဉ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

မြိတ်မြို့နယ်အတွင်း ဖေဖော်ဝါရီလ(၁၈)ရက်နေ့အထိ ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိသူ (၂၃၄)ဦးရှိပြီး ၎င်းတို့အား ပြည်သူ့ဆေးရုံနှင့် သက်ဆိုင်ရာနေရာများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကာ ကိုဗစ်-၁၉ ကာကွယ်/ထိန်းချုပ်/ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ  ယမန်နေ့အထိ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူဦးရေသည် (၁၅၈၂၁၃) ဦးရှိ၍ ကာကွယ်ဆေးနှစ်ကြိမ်လုံး ဆေးထိုးနှံပြီး သည့်ဦးရေမှာ (၁၄၅၈၆၄)ဦးရှိပြီ ဖြစ်ပြီး ကာကွယ်ဆေးထိုးရန် လျာထား လူဦးရေ၏ (၈၁)ရာခိုင်နှုန်းကို ထိုးနှံပေးပြီးဖြစ်ကာ အသက်(၁၈)နှစ် အထက် ကာကွယ်ဆေးမထိုးရသေးသူများကိုလည်း ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ခိုင်ထူး  (မြိတ်)