ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုများကို ကြူဝါးပင်နှင့် ကိုင်းကြံပင်များစိုက်ပျိုးခြင်းဖြင့် ကမ်းပါးပြိုကျမှုများ ကာကွယ်နိုင်

ဖောင်းပြင်  ဖေဖော်ဝါရီ  ၁၉

ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာမှာနေ ထိုင်တဲ့ ဦးမြင့်ထွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ကျေးရွာဟာဆိုရင် ချင်းတွင်းမြစ်ကမ်းနံဘေးမှာ တည်ရှိတာကြောင့် မိုးရာသီရောက်တိုင်း နှစ်စဉ်ရေကြီးရေလျှံလေ့ရှိပါတယ်။ မိုးရာသီရောက်တာနဲ့ ချင်းတွင်းမြစ် ရေမြင့်တက်လာတာအမျှ  ရေစီးကလည်းသန်ပြီး ရေတိုက်စားလို့ ပြိုတာကတစ်ကြောင်း၊ မြစ်ထဲမှဖြတ်သန်းသွားလာနေကြတဲ့ ရေယာဉ်တွေရဲ့ ရေလှိုင်းနဲ့ ရာသီဥတုကြောင့်ဖြစ်ပေါ်တဲ့ ရေလှိုင်းတွေကြောင့် မြစ်ကမ်းပါးပြိုကျတဲ့ ဒဏ်ကို ရွာကအတော်ခံခဲ့ရပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်ဝန်းကျင်က ကျွန်တော်တို့ရွာဟာ မြစ်ကမ်းပါးပြိုကျလို့ ပြောင်းရွှေ့ကြရတဲ့ အိမ်ခြေပေါင်း (၅၀)ဝန်းကျင်ခန့်ရှိတယ်လို့ လူကြီးမိဘတွေပြောပြလို့ သိရပါတယ်။ ကျွန်တော်သိရသလောက်တော့ ၂၀၁၇ ခုနှစ်က မြစ်ကမ်းပါးပြိုကျလို့  ကျေးရွာရဲ့မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်တဲ့ နာရေးကူညီမှုအသင်းရုံးနှင့် နာရေးကားတစ်စီး မြစ်ထဲမျှောပါသွားပြီး ရွာရဲ့အဓိကပြရုပ်တွေဖြစ်တဲ့ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများပါ မြစ်ကမ်းပါးပြိုကျတဲ့အထဲ ပါသွားနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့တာကြောင့် ရွာဦးဘုန်းတော်ကြီးကျောင်း ဆရာတော်ရဲ့ ဦးဆောင်မှုနှင့်အတူ ရွာသူရွာသားတွေရဲ့ ဝိုင်းဝန်းကာကွယ်မှုကြောင့် ယာယီတားဆီးနိုင်ခဲ့ပါတယ်။ ဘုန်းတော်ကြီးကျောင်းနှင့် စာသင် ကျောင်းကို ကာကွယ်ဖို့အတွက်  သဲအိတ်စီပိုလီဖက်အုပ် မြေထိန်းနံရံကို အဲ့ဒီနှစ်မိုးကာလ အလွန်မှာပဲ နိုင်ငံတော်က ဆောင်ရွက်ပေးခဲ့ပါတယ်။

နိုင်ငံတော်တ တစ်ရွာလုံးကိုကာကွယ်နိုင်တဲ့ အနေအထားကို ဆောင်ရွက်မပေးနိုင်ခဲ့တာကြောင့် ဆရာတော်ရဲ့ ဦးဆောင်လမ်းညွှန်မှုတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖတွေ၊ ရွာသူ၊ ရွာသားတွေ ဝိုင်းဝန်းပြီး ရွာဦးရဲ့အထက် ပေတစ်ထောင်ဝန်းကျင်ကစလို့ ကြူဝါးပင်၊ ကိုင်းကြံ(ခေါ်) ကြံစိမ့်ပင်တွေကို မြစ်ကမ်းတစ်လျှောက် ဘုန်းတော်ကြီးကျောင်းအနီးအထိ စိုက်ခဲ့ကြရာမှာ ယခုအချိန်အထိ မြစ်ကမ်းပါးပြိုကျခြင်း ဒဏ်ကိုမခံကြရတော့ပါ။ ထိုအပင်တွေကိုစိုက်ခဲ့ခြင်းကြောင့် မြစ်ကမ်းပါးပြိုကျသည့်အန္တရာယ်မှ ကင်းဝေးခဲ့ကြသည့်အပြင် မြေနုကျွန်းများဖြစ်ပေါ်ပြီး သီးနှံများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေကြသည့် အကျိုးကျေးဇူးများကို ရရှိနေကြပြီဖြစ်ပါသည်။ မြစ်နှင့် ချောင်းကမ်းနံဘေးတွင် နေထိုင်ကြသော  ပြည်သူများအနေဖြင့် ကမ်းပါးပြိုကျသည့် အန္တရာယ်မှ ကာကွယ်နိုင်ရန် စိုက်ပျိုးသင့်သည့် အပင်များဖြစ်ပါတယ်။

ကြူပင်၊ ကိုင်းကြံပင်တွေကို မြစ်ရေကျဆင်းချိန် အောက်တိုဘာလအတွင်းမှစ၍ ကမ်းနားတစ်လျှောက် ၄ပေမှ  ပေခြားခန့် စိုက်ခဲ့ကြရာမှာ ချင်းတွင်းမြစ်ရေ ပြန်လည်မြင့်တက်ချိန် ဇွန်လအထိ() ဝန်းကျင်တွင် အပင်များကောင်းစွာကြီးထွားနေကြပြီ ဖြစ်ပါတယ်။ အဲ့ဒီအပင်တွေကို စိုက်ခြင်းဖြင့် ရေစီးသန်သည့် အရှိန်ကို လျှော့သွားအောင် တားဆီးနိုင်ခြင်း၊ အပင်တစ်ပင်နှင့်တစ်ပင် ရောယှက်ပြီးစုဖွဲ့မှုအားကောင်းနေလျှင် ရေတိုက်စားခြင်းနှင့် ရေလှိုင်းကြောင့် ကမ်းပါးပြိုကျခြင်းကို ကာကွယ်နိုင်မှာဖြစ်ကြောင်း အကြံပြု ရေးသားလိုက်ရပါတယ်။

ကိုထွန်း(ဖောင်းပြင်)