ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ကာလ ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ       ဖေဖော်ဝါရီ      ၁၉

ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေစဉ် မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ မရှိစေရေးနှင့် ဆေးဝါးပြတ်လပ်မှုများ မဖြစ်ပေါ်စေရေးအတွက်  ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါး ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ကာ ဆေးဝါးပစ္စည်းများ ရောင်းချရာ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ ၊  မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ကျန်းမာရေးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ကာ ဆေးဝါးပစ္စည်းများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ / မရှိ နှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ရောင်းချခြင်း ရှိ / မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ 

ထို့နောက် ဆေးဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်းဒေသခံပြည်သူများကျန်းမာရေးအတွက် လိုအပ်သော ဆေးဝါးပစ္စည်းများ ဝယ်ယူရာတွင် အခက်အခဲမဖြစ်စေရေးအတွက် သတ်မှတ်ကာလ ပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့်    ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ဆွေးနွေးပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )