ဘားအံ ဖေဖော်ဝါရီ ၁၉
ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကိုဗစ်-၁၉ ရောဂါ ပြည်တွင်း ကူးစက်ဖြစ်ပွားမှုအခြေအနေနှင့် ဒေသတွင်းဖြစ်ပွား ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်လျက်ရှိသကဲ့သို့ သတ်မှတ်ထားသည့် ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်များကိုလည်း တိတိကျကျ လိုက်နာနေထိုင်ကြဖို့လိုကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ကော်မတီဝင် များက စစ်ဆေးကြပ် မတ်ပေးဖို့လိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ရာခိုင်နှုန်းပြန်လည် မြင့်တက် လာခြင်းသည် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုရှိမှာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ခရီးစဉ်ဒေသများနှင့် ဟိုတယ်များတွင် ကိုဗစ်ဆိုင်ရာစည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ကြဖို့ လိုကြောင်း၊ ကိုဗစ်ကူးစစ်ဖြစ်ပွားမှုပိုမိုများပြား လာပါက အဆိုပါနေရာများအား ခေတ္တပိတ်သိမ်းရပ်နား သင့်ပါကြောင်း၊ ရပ်နားထားဖို့လိုမည်ဖြစ်ကြောင်း ပြောကြားပြီး ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးအေးမောင်လှိုင်က ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် လက်ရှိလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် (၂/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုရမည့် ကိစ္စရပ်များကို (Power Point) အသုံးပြု၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး စွမ်းအားမြင့် Booster ထိုးနှံပေးနိုင်ရန် ကျန်းမာရေးစစ်ဆေးပေးနေမှုနှင့် စွမ်းအားမြင့် Booster ကာကွယ်ဆေးထိုးနှံ ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)