ဖားကန့် ဩဂုတ် ၂၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ယမန်နေ့ နံနက်(၁၀)နာရီမှစတင်ကာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး၌ မြို့နယ်စည်ပင်ကော်မတီအဖွဲ့ဝင်(၄)ဦးကို မဲပေးရွေးချယ်ရာ ရပ်မိ/ရပ်ဖ များမှ ရွေးချယ်သော ရပ်ကွက်/ကျေးရွာအုပ်စု ကိုယ်စားလှယ်(၈)ဦးထဲမှ နှစ်ဦးကို ပတ်လည်မဲပေးစနစ်ဖြင့် ရွေးချယ်သည့်အချိန်တွင် ဒုတိယနေရာမှ နှစ်ဦးမှာ ငါးကြိမ်ဆက်တိုက် မဲရလဒ်တူညီနေမှုမျိုး ကြုံတွေ့ခဲ့ရသည်။
လက်ရှိ ဖားကန့်မြို့နယ် စည်ပင်ကော်မတီအတွက် မဲပေးရွေးချယ်ကြရာတွင် ရွေးချယ်ခံ ပုဂ္ဂိုလ်များ၏ မဲရရှိမှုအခြေအနေအား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာနသို့ တင်ပြထားပြီး ထိုမှတဆင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို ခံယူကာဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် အမှုဆောင်အရာရှိက ရှင်းပြသည်။
"မြို့နယ်ကြီးကြပ်ရေးအဖွဲ့က ဦးဆောင်ရွေးချယ်ပေးတဲ့အခြေအနေကို ပြည်နယ်ဝန်ကြီးဌာန ကိုပေးပို့မှာ၊ အဲ့ဒီကတဆင့် ပြည်နယ်အစိုးရအဖွဲ့က ဆုံးဖြတ်မှာ၊ ဒီမှာရွေးတဲ့အခြေအနေကို ဘယ်သူကမဲအများဆုံးမို့ ဘာပါဆိုပြီး ကျွန်တော်တို့က အတည်ပြုလို့မရပါဘူး၊ ပြည်နယ် အစိုးရအဖွဲ့က အတည်ပြုမှရမှာပါ"ဟု မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးကျော်လင်းက ရှင်းလင်းပြောကြားသည်။
ဖားကန့်မြို့နယ်၏ စည်ပင်သာယာရေးကော်မတီအတွက် အရပ်ဖက်မှ လူပုဂ္ဂိုလ်လေးဦး ရွေးချယ်ရာတွင် နံနက်ပိုင်း အစီအစဉ်တွင် လူမှုစီးပွားကျွမ်းကျင် တစ်ဦးအဖြစ် ဦးညီညီလွင် အားလည်းကောင်း၊ ပညာရှင်ကဏ္ဍအတွက် ဦးညိုဝင်း(စာရင်းစစ်-ငြိမ်း) အားလည်းကောင်း၊ မဲရလဒ်များအရ ရွေးချယ်နိုင်ခဲ့ သည်။
ဆက်လက်၍ ရပ်မိ/ရပ်ဖများမှ ရွေးချယ်သော ကိုယ်စားလှယ်အဖြစ် လူပုဂ္ဂိုလ်(၈)ဦးထဲမှ နှစ်ဦးကိုဆက်လက်မဲပေးရွေးချယ်ကြရာ မော်ဝမ်းရပ်ကွက်မှ ဦးနော်ဆန့်က မဲသုံးမဲ၊ အေးမြသာယာရပ်ကွက်မှ ဦးမြင့်အေးက မဲနှစ်မဲ၊ မရှီကထောင်ရပ်ကွက်မှ ဦးမင်းမင်းစိုးက မဲနှစ်မဲနှင့် ဆိပ်မူကျေးရွာအုပ်စုမှ ဦးခင်မောင်က မဲတစ်မဲ အသီးသီးရရှိခဲ့ပြီး ဒုတိယနေရာမှ နှစ်မဲစီဖြင့် မဲရလဒ်တူညီနေသူနှစ်ဦးအား နောက်ထပ်လေးကြိမ်အထိ ဆက်တိုက်မဲပေး ရွေးချယ်ကြသော်လည်း မဲရလဒ်ဆက်လက်တူညီနေသည့်အတွက် ရရှိမဲရလဒ်များအား ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဌာနထံ တင်ပြပြီး ထိုမှတဆင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို ခံယူကာ အတည်ပြုဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့နယ်စည်ပင်ကော်မတီများ ရွေးချယ်ရာတွင် အရပ်ဖက်ပုဂ္ဂိုလ်(၄)ဦး၊ ဌာနဆိုင်ရာ အဖွဲ့ဝင်(၃)ဦးအဖြစ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင် အမှုဆောင်အရာရှိတို့ပါဝင်ပြီး စုစုပေါင်း(၇)ဦး ဖြစ်ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)