ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထားဝယ်မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ

 

ထားဝယ် ဖေဖော်ဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ် အိုမီခရွန် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကြက်ခြေနီ၊  သူနာပြုတပ်ဖွဲ့များက ထားဝယ်မြို့ပေါ် ရပ်ကွက်များအတွင်း အသိပညာပေးလုပ်ငန်းများကို  ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကိုကိုနိုင်နှင့်အဖွဲ့များက ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါကနှာခေါင်းစည်း Μask စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ နေထိုင်ကြရန်၊ လက်ကိုစက္ကန့် ၂၀ အကြာမကြာခဏဆေးကြောပေးရန်၊ နေအိမ်ရှိ အသက်(၆၀)နှစ် အထက်အသက်ရွယ်ကြီးရင့်သူများ၊ သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် နာတာရှည်ရောဂါ အခံရှိသူများနှင့်အနီးကပ်နေထိုင်ခြင်း၊ အတူ စားသောက်ခြင်းမှ ရှောင်ကျဉ်ရန်၊ ပါးစပ် နှာခေါင်းစည်း မတပ်ဆင်ထားသော စျေးရောင်းချသူများ ထံမှစျေးမဝယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါသံသယ လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား၍ ဆေးကုသမှုခံယူပါရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်စေရေး အသိပညာပေး လုပ်ငန်းများကို လိုက်လံနှိုးဆော် ပေးခဲ့ကြောင်းသိရှိရသည်။

ဆက်လက်၍ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက  ရပ်ကွက်များရှိ ‌စျေး၊ လမ်းဆုံလမ်းခွနှင့် လူစည်ကားသော နေရာများတွင် လူတိုင်းကို နှာခေါင်းစည်း Μask တပ်စေလိုသောအားဖြင့်  အများပြည်သူများအား နှာခေါင်းစည်း Μask များဖြန့်ဝေ ပေးခြင်း၊ အများပြည်သူမြင်နိုင်သော လမ်းဆုံ လမ်းခွနေရာများတွင် အသိပညာပေးပိုစတာများ ကပ်ပေးခြင်းနှင့်  ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်စေရန် ဆောင်ရန်/ ရှောင်ရန် အချက်များ ပါရှိသည့် လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)