တမူးမြို့၊ မြို့မစည်ပင်သာယာစျေးတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) နှင့် Face Shield များ အခမဲ့ဖြန့်ဝေ

တမူး ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က လူစည်ကားသည့် မြို့မစည်ပင် သာယာစျေးတွင် နှာခေါင်းစည်း(Mask)များနှင့် Face Shield များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြန့်ဝေပေးရာတွင် စျေးအတွင်းသို့ နေ့စဉ်လာရောက် ဝယ်ယူရောင်းချနေကြသည့် စျေးရာင်း စျေးဝယ်သူများအားမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊မြို့မစျေးကော်မတီဝင်များ ပူးပေါင်းပြီး ရောဂါကာကွယ် တားဆီးနိုင်ရေးအတွက် ​နေအိမ်ပြင်ပသို့ထွက်ခွာရာ၌ နှာခေါင်းစည်း (Mask)များနှင့် Face Shield များတပ်ဆင်၍ သွားလာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော  လမ်းညွှန်ချက်များကို ပြည်သူများ စနစ်တကျလိုက်နာစေရန် အသိပညာပေးခဲ့ပြီး ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ၊ Face Shieldများအား  စျေးရောင်းစျေးဝယ် ပြည်သူများအား ဖြန့်ဝေပေး ခဲ့ကြသည်။

တမူးမြို့ မြို့မစည်ပင်သာယာစျေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကိုအများပြည်သူများ သိရှိလိုက်နာစေရန် နေ့စဉ် စျေးကော်မတီရုံးမှ အသံချဲစက်ဖြင့် အသိပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကျော်ကြီး