တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း၀င် ဗိဿနိုးဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်သို့ လူမှုရေး၀န်ကြီး ဦးစိုးပိုင်မြင့်သည် ယနေ့နံနက် က ရောက်ရှိခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး လူမှုရေး၀န်ကြီးသည် ဗိဿနိုးပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်ခေတ်ရုပ်ကြွင်းပြကွက်များ၊ အုတ်ချပ်များနှင့် ပျူခေတ်လက်မှုပစ္စည်းများအား လှည့်လည်ကြည့်ရှု လေ့လာခဲ့သည်။
ဆက်လက်၍ ပြတိုက်အတွင်းပြသထားသည့် မှတ်တမ်းဓါတ်ပုံများနှင့် ရှင်းလင်းချက်များအား ကြည်လင်ပြတ်သားသောပုံများဖြင့် ပြောင်းလဲပြသနိုင်ရေး၊ ပြတိုက်ဆိုင်ရာလုပ်ငန်းများအား အဆင့်မြှင့်တင်ဆောင်ရွက်ရေး၊ Information Center တွင်ပြသထားသည့်မှတ်တမ်းဓါတ်ပုံများ၊ တူးဖော်တွေ့ရှိမှု မှတ်တမ်းဓါတ်ပုံများအား ဓါတ်ပုံဆိုဒ်ကြီးဖြင့်ပြသရေး၊ ကုန်းအမှတ် KKG 2,3,4 အ၀န်းအဝိုင်းအား ခြံစည်းရိုးကာရံထိန်သိမ်းရေး၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရန်နှင့် ရေရှည်တည်မြဲမှုရှိစေရန် ကာကွယ်စောင့်ရှောက်ရေး၊ မြို့ဟောင်းအတွင်းရှိ ရှေးဟောင်းအဆောက်အဦများကို တစ်နေရာနှင့်တစ်နေရာမြင်နိုင်ရန် လျှောက်လမ်းများ၊ လမ်းညွှန်ဆိုင်းဘုတ်များကို စနစ်တကျပြုလုပ်ရန်၊ ရှေးဟောင်းအမွေအနှစ်ဧရိယာအတွင်း ရှေးဟောင်းပစ္စည်းများ၊ လက်ရာများကို ထိခိုက်စေနိုင်သည့် လုပ်ငန်းလုပ်ဆောင်မှုမရှိစေရေး၊ ကမ္ဘာ့အမွေအနှစ်စာရင်း၀င် ယူနက်စကို guide line အတိုင်းဆောင်ရွက်ရေးနှင့် ဇုန်အတွင်းရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများအား ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ ဟောပြောပွဲ ဆောင်ရွက်သွားရမည်များကို မြို့နယ်ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)