ထားဝယ် ဖေဖော်ဝါရီ ၁၆
(၇၅)နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
ရှေ့ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးမင်းနိုင်တို့က (၇၅)နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့ အထိမ်းအမှတ် မုခ်ဦးအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက် လာသော ဧည့်သည်တော်များအား မွန်ရိုးရာတပင်တိုင် အကဖြင့် ကပြဖျော်ဖြေတင်ဆက်သည်။
ထို့နောက် အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော မွန်တိုင်းရင်းသား၊ ရဟန်းရှင်လူ၊ ပြည်သူများပါဝင်သည့် လူထုအစည်းအဝေးကြီးတွင် နှစ်စဉ် တပို့တွဲလပြည့်ကျော် (၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် ကျင်းပရန် ဆုံးဖြတ်ချက်အရ အတည်ပြုခဲ့ကြပြီး မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ (၇၅)ကြိမ်မြောက် ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုများ အနက် သမိုင်းအစဉ်အလာကြီးမားပြီးခိုင်မာသည့် ယဉ်ကျေးမှုများကို ပိုင်ဆိုင်ထားရှိသည့် မွန်တိုင်းရင်းသားများအနေဖြင့် မွန်အမျိုးသားနေ့ သတ်မှတ်ကျင်းပရခြင်းမှာ မွန်အမျိုးသားများအတွက်သာမက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက်ပါ အရေးကြီးသည့် ကိစ္စတစ်ရပ်ဟု ဆိုရမည်ဖြစ်ကြောင်း၊ မိမိတို့လူမျိုးများ အနေဖြင့် သွေးမကွဲ ရန်၊ အချင်းချင်းစည်းလုံးညီညွတ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီကြရန်၊ လိုအပ်သလို တစ်ဖွဲ့နှင့် တစ်ဖွဲ့ ပူးပေါင်းလုပ် ကိုင်ဆောင်ရွက်ပြီး မာန်မာနများ ဖြေလျော့၍ အဖွဲ့အစည်း တစ်ခုတည်းဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့လူမျိုးအချင်းချင်း ချစ်ခင်မြတ်နိုးရန် နှင့် မိမိတို့အမျိုးအနွယ်ကို ထိန်းသိမ်းစောင့် ရှောက်ရန်မွန်လူမျိုးတိုင်းတွင်တာဝန်ရှိကြောင်း၊ မိမိတို့မွန်လူမျိုး ကမ္ဘာတည်သရွေ့ ထာဝရ တည်တံ့သွားနိုင်ရေး မွန်လူမျိုးတိုင်း ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပေးပို့သည့် (၇၅) နှစ်မြောက် စိန်ရတုမွန်အမျိုးသားနေ့အခမ်းအနားသို့ သဝဏ်လွှာအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဖတ်ကြားပြီး မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ၊ ဦးမင်းနိုင်က မွန်အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ အစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မွန်လူမျိုးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)