စုကလိမြို့ တွင် ကွမ်းသီးအခြောက်စျေး ယခင်ထက် စျေးကောင်းရရှိ

စုကလိ ဖေဖော်ဝါရီ  ၁၈

ကရင်ပြည်နယ်  မြဝတီခရိုင်၊ စုကလိမြို့တွင် ကွမ်းသီးအခြောက်စျေး ယခင်နှစ်ထက် စျေးကောင်းရရှိကြောင်း သိရသည်။

ကွမ်းသီးအခြောက်စျေးသည် ယခင်နှစ်က တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ  ၈၀ မှ ၉၀ ဝန်းကျင်ရှိသော်လည်း ယခုနှစ်တွင် တစ်ကီလို လျှင် ထိုင်းဘတ်ငွေ ၁၀၀မှ ၁၂၀  ဝန်းကျင်အထိ ရရှိကြောင်း ကွမ်းသီးလုပ်သူ တောင်သူများထံမှ သိရသည်။

ကွမ်းသီးပင်ကို စတင်စိုက်ပျိုးရာ၌ ကွမ်းသီးပျိုးပင်ကို ရွေးရာ၌ အပင်အသက်၂၀ ကျော်မှ ရင့်မှည့်သော အသီးများကိုသာ ရွေးထုတ်၍ ဂုန်နီအိတ်ထဲထည့်၍ ရေထဲတွင် တစ်လနီးပါး စိမ်ထားပြီးပါက ကွမ်းသီးအခွံများ လျော့လာသည့်အချိန်၌ မြေကြီးတွင် ဖြန့်ထားရပြီး ကွမ်းသီးအပေါ်တွင် ကောက်ရိုးသို့မဟုတ် ကွမ်းခက်များဖြင့်ဖုံးအုပ်ကာ နေ့စဉ် ရေလောင်းပေးရန်သည်။ အချိန် တစ်လဝန်းကျင်တွင် အညှောင့် (သို့မဟုတ်) အပင်ထွက်လာပြီး ပျိုးအိတ်ထဲတွင် ထည့်၍ လိုအပ်သလို စိုက်ပျိုးနိုင်ပြီ ဖြစ်သည်။

 

ကွမ်းသီးပင်ကို စတင် စိုက်ပျိုးသည့်အချိန်မှ စ၍ ခုနှစ်နှစ်ဝန်းကျင် ရှစ်နှစ်တွင် စတင်အသီးသီး၍ ၎င်း၏ သက်တမ်းမှာ နှစ် ၅၀ ဝန်းကျင်ခန့်ရှိသည်။ ကွမ်းသီးအခြောက်ဖြစ်လာရန် အသီးကို အပင်ပေါ်မှ တက်ခူးရပြီး အလုံးကို ဓားဖြင့်လည်းကောင်း၊ စက်ဖြင့်လည်းကောင်း ခွဲ၍ နေပူထဲတွင် ၃ ရက်ခန့်လှန်းကာ ကွမ်းသီးထွတ်တံဖြင့် ထွတ်၍ ပြန်ပြီး (၇)ရက်ခန့် နေပူလှန်းကာ အခြောက်ကို စတင်ရောင်းချနိုင်ကြောင်းလည်း ကွမ်းသီးတောင်သူများထံမှသိရပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသူများပြား လာကြောင်းသိရသည်။

ပိုပိုအောင်