ဒုတိယအကြိမ် မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် (191) စတေကာများကပ်နှိပ်ခြင်းများ ပြုလုပ်ဆောင်ရွက်

လောင်းလုံး ဖေဖော်ဝါရီ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ နံနက် (၇) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၊ လောင်းလုံးမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်ဦး ဦးဆောင်မှုဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးလက်ကမ်းစာစောင်တွင် မီးလောင်ကျွမ်းခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မီးသတ်ယာဉ်များ အမြန်ဆုံးလာရောက် ငြိမ်းသတ်နိုင်ရေးအတွက် သတင်းပေးပို့သင့်ပုံ၊ ကားတိုင်းတွင် မီးသတ်ဆေးဘူး ဆောင်ထားသင့်ပုံ၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လျှင် ဆက်သွယ်ရန် ဖုန်းနံပါတ်များ၊ ဓာတ်ဆီဖြည့်လျှင်/ ဓာတ်ဆီဖလှယ်လျှင် သတိထားသင့်သော အကြောင်းအရာများ၊ အပြင်သွားမည်ဆိုပါက မီးဖို၌ မီးကြွင်း၊ မီးကျန် စစ်ဆေးသင့်ပုံ၊ ဆေးလိပ်သောက်သောသူများ သတိဆောင်သင့်ပုံ စသည့် အကြောင်းအရာများ ပါဝင်ပါသည်။ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက (၂၄)နာရီ အကူအညီ တောင်းခံနိုင်ရန် အတွက် မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရန် ဖုန်းနံပါတ် (191) စတေကာများ ကပ်နှိပ်ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း များ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် (191) စတေကာများ ကပ်နှိပ်ပေးခြင်းတို့ ဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် ပြန်/ဆက်တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သဇင်