ပူတာအို ဩဂုတ် ၂၈
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေခွန်ကျေးရွာအုပ်စု၊ မန်စေခွန်ကျေးရွာရှိ ဒေသခံ ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် စွမ်းဆောင်ရည် မြှင့်မားလာစေရန်အတွက် စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာဘုန်းကြီး ကျောင်းဓမ္မာရုံ၌ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
ကျေးရွာစီမံကိန်း ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခြင်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ၀န်ထမ်းများက မြစိမ်းရောင် ကျေးရွာစီမံကိန်း လုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ ချေးငွေများဖြင့် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ပြီး မိသားစုအတွက် အကျိုးရှိစွာအသုံးချရေး၊ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ၀င်များအနေဖြင့် ချေးငွေထုတ်ချေးသည့် အသင်းသားများက အမှန်တကယ်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ရှိ/မရှိ ကြီးကြပ်ဆောင်ရွက်သွားရေးတို့ကိုဆွေးနွေးခဲ့ကြသည်။
ယင်းမြစိမ်းရောင်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ် လုပ်ကိုင်ရန်အတွက် အသင်း၀င် (၁)ဦးအား ငွေကျပ်(၂)သိန်း၊ မွေးမြူရေးလုပ်ငန်လုပ်ကိုင်ရန်အတွက် အသင်း၀င်(၁၈)ဦးအား ငွေကျပ်(၁၀၃)သိန်း၊ အရောင်းအ၀ယ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် အသင်း၀င်(၃)ဦးအား ငွေကျပ်သိန်း(၃၀)၊ အသက်မွေး၀မ်းကျောင်း လုပ်ငန်း လုပ်ကိုင်ရန်အတွက် အသင်း၀င်(၁၇)ဦးတို့အား ငွေကျပ်(၁၄၄)သိန်း မန်စေခွန်ကျေးရွာမှ ပြည်သူစုစုပေါင်း(၃၉)ဦးအတွက် ငွေကျပ်ပေါင်း(၂၇၉)သိန်းကို အသီးသီးထုတ်ချေး ပေးခဲ့ကြောင်းနှင့် အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ချေးငွေအတိုးနှုန်းမှာ တစ်ကျပ်ဖြစ်ပြီး ချေးငွေကာလမှာ တစ်နှစ် သတ်မှတ်ထားကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)