အုတ်တွင်းမြို့နယ်တွင် သံဃနာယက အဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေး ကျင်းပ

အုတ်တွင်း ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကြက်သွန်းခင်း၂ ရပ်ကွက်၊ ဗောဓိကုန်းကျောင်းတိုက် ဝိဇ္ဇာသမိဒ္ဓိမဟာရွှေကံသာကျောင်းတော်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က သံဃနယကအဖွဲ့များ ပြန်လည် ရွေးချယ်ခြင်း ဆိုင်ရာမြို့နယ် သံဃာ့ဝန်ဆောင် အစည်းအဝေးကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး သဘာပတိဆရာတော် တိုင်းသံဃနာယက ဆရာတော်ဘဒ္ဒန္တဝိလာသဂ္ဂက သြဝါဒကထာ မြွက်ကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။

ထို့နောက် အနားယူသောဆရာတော်များ ဘွဲ့အမည်များကို ကြေညာခဲ့သည်။

ပြန်လည်ရွေးချယ်နိုင်ရေးအတွက် မူလကသတ်မှတ်ထားသည့် သက်ဆိုင်ရာ နယ်မြေအလိုက် အမည်စာရင်းတင်သွင်းမည့် အဆိုရှင် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များအား ဖိတ်ခေါ်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ထောက်ခံမည့် သံဃာ့ဝန်ဆောင် ဆရာတော်များအား ပင့်ဖိတ်ခဲ့သည်။

သဘာပတိဆရာတော်က အစားထိုး ရွေးချယ်ခံရသည့် မြို့နယ်သံဃာ့နာယက ဆရာတော်ဘွဲ့ အမည်များကို အစည်းအဝေးသို့ တင်သွင်းပြီး သာဓုသုံးကြိမ်ခေါ်ဆို၍ အတည်ပြုပါရန် သံဃနာယက အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း များကို ရှင်းလင်း လျှောက်ထားခဲ့သည်။

ဆရာတော် ၃ ပါးအား ရွေးချယ်တင်မြှောက်၍ သဘာပတိဆရာတော်က နိဂုံးချုပ်သြဝါဒမြွက်ကြားပြီး ဗုဒ္ဓသာသ နံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီး မြောက်ခဲ့သည်။

အခမ်းအနားကို သဘာပတိ ဆရာတော် တိုင်းသံဃနာယက ဆရာတော် ဘဒ္ဒန္တဝိလာသဂ္ဂနှင့် ဆရာတော်(၇၉)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင် ၁ ဗိုလ်မှူးမြင့်ဇော်နှင့် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ တက်ရောက်ပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)