ကသာမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ကသာ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကို မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန် မကျန်ရှိစေရေး အတွက် ကာကွယ်ဆေးမထိုးနှံရသေးသူများအား ဖေဖော်ဝါရီလ(၁၈)ရက်နေ့၊ နံနက်(၉)နာရီ အချိန်မှစ၍  ကသာ မြို့တော်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံရာတွင် ကသာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများက လာရောက်ထိုးနှံကြပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကူညီ ဆောင်ရွက်ရေးလုပ်ငန်းများကို မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆေးထိုးအုပ်စုများ ခွဲကာ အုပ်စုအလိုက် ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ခရိုင်(ပြန်/ဆက်)