ဆင်ပေါင်ဝဲမြို့ ရွာသစ်ကျေးရွာ ကောင်းမြတ်မွန်စာကြည့်တိုက်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ဆင်ပေါင်ဝဲ     ​ဖေဖော်ဝါရီ     ၁၈

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် ရွာသစ်ကျေးရွာ ကောင်းမြတ်မွန် စာကြည့်တိုက်၌  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ပညာရေးဌာန၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊စာကြည့်တိုက်ကော်မတီတို့ ပူးပေါင်းပြီး မူလတန်းအဆင့်ဆေးရောင်ခြယ် ပြိုင်ပွဲ နှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ်ရုံးမှ ဦးစီး အရာရှိ ဦးနိုင်လင်းက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြိုင်ပွဲကိုစတင်ခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့်အဖွဲ့မှ ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လှမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ဝင်ရောက်ယှဉ်ပြိုင်သော ကျောင်းသားသူများ  အား နံရံကပ်စာစောင်ပြပွဲကြည့်ရှုနေစဥ်၌ "လက်ဆေးခြင်းကဗျာ"ရွတ်ဆိုပြနိုင်သည့် ကျောင်း သား/သူများအား အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ တစ်ဦးလျှင်(၁၀၀၀)ကျပ် ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လှ တို့မှ စာအုပ်များလှူဒါန်းခဲ့ရာ တာဝန်ရှိသူများ မှလက်ခံရယူခဲ့သည်။

အဆိုပါကောင်းမြတ်မွန်စာကြည့်တိုက်အား အပတ်စဉ် ကြာသပတေးနေ့တိုင်း ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း စာကြည့်တိုက် ကော်မတီဥက္ကဋ္ဌထံမှသိရသည်။

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)