ပွင့်ဖြူမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် အကောင်အထည် ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း (၇) ခု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် မြို့နယ်အတွင်း ကျေးရွာ(၇)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း(၇)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုဖေဖော်ဝါရီ ဒုတိယပတ်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း (၇) ခု အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအား ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ် သိန်း (၁၀၀) စီထောက်ပံ့၍ ကျေးရွာများမှ ပြည်သူလူထုထည့်ဝင်ငွေဖြင့် ပွင့်ဖြူမြို့နယ် ဉယျာဉ်ကျစ် ကျေးရွာ နှင့် ကုလားကုန်းကျေးရွာတွင် ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ပြီး လက်ခုပ်ကျေးရွာ၊ သမော်အင်းကျေးရွာ၊ လက်ပနွယ်ကျေးရွာ၊ ညောင်ပင်စောက် ကျေးရွာနှင့် သရက်အုပ်ကျေးရွာတို့တွင် ကျေးရွာတွင်းမြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။ ကျေးရွာများအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ကျေးရွာလူထုကိုယ်တိုင် တာဝန်ယူ၍ ဇန်နဝါရီလ ပထမပတ်က လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီလ ဒုတိယပတ်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင် ပေးခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားစေပြီး ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေး၊ ကျေးရွာနေပြည်သူများ တစ်ဦးချင်း လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရေး၊ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်လိုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)