ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာအနီးရှိ အော်ဂဲနစ် စံပြငရုတ်စိုက်ခင်း ပဲခူးတိုင်းဒေသကြီးမှ တောင်သူများလာရောက်လေ့လာ

ထီးလင်း ဩဂုတ် ၂၈

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာအနီးရှိ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော အော်ဂဲနစ် စံပြငရုတ်စိုက်ခင်းကို ယမန်နေ့ ညနေ ၄ နာရီတွင် ပဲခူးတိုင်းဒေသကြီးမှ တောင်သူများက လာရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယင်းသို့ လာရောက်ကြည့်ရှုလေ့လာရာတွင် မကွေးတိုင်းဒေသကြီး တောင်သူလယ်သမား သမဂ္ဂအဖွဲ့ အကြံပေးအရာရှိ ဦးအောင်ကျော်ကျော်၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် တဲကြီးကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဝင်း ဦးဆောင်သော တောင်သူ(၂၈)ဦး တို့က ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာအနီးရှိ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော အော်ဂဲနစ် စံပြ ငရုတ်စိုက်ခင်းအား ကြည့်ရှုလေ့လာကြရာ ပုဏ္ဏားကျေးရွာမှ စိုက်ခင်းပိုင်ရှင် ဦးအောင်ဖေနှင့် တောင်သူများက စံပြငရုတ် စိုက်ခင်းနှင့်ပတ်သက်၍ မိမိတို့ ပြုစုပျိုးထောင် စိုက်ပျိုးသည့်နည်းစနစ်များကို လေ့လာရေးအဖွဲ့များအား ရှင်းလင်း ပြောကြား ကြသည်။

ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာအနီးရှိ အော်ဂဲနစ် စံပြငရုတ်စိုက်ခင်းကို မကွေးတိုင်းဒေသကြီး တောင်သူလယ်သမား သမဂ္ဂအဖွဲ့၏ ပံ့ပိုးကူညီမှုနှင့်အတူ ပုဏ္ဏားကျေးရွာမှ တောင်သူ ဦးအောင်ဖေနှင့်တောင်သူ(၆)ဦး တို့က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ရေသွင်းစနစ်ဖြင့် စတင်အကောင်အထည်ဖော်စိုက်ပျိုးခဲ့ကြပြီး (၉)ဧက ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မန္တလေးမြို့ရှိ ကြယ်သုံးပွင့်ကုမ္ပဏီနှင့်ချိတ်ဆက်ကာ တစ်ပိဿာလျှင် - ၁၂၀၀/- ကျပ်ဖြင့် ရောင်းချရကြောင်း စိုက်ခင်းပိုင်ရှင် ဦးအောင်ဖေ ထံမှ သိရသည်။

အောင်စည်(ပြန်/ဆက်)