ဂန့်ဂေါ ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဂန့်ဂေါမြို့နယ် ပျားကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပျားကျေးရွာ၌ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေး ဝန်ထမ်းများ ကကွင်းဆင်း၍ အိမ်တိုင်ရာရောက် မဲဆန္ဒရှင်စာရင်းပါ အချက်အလက်များ ပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အလားတူ ဇာဟောကျေးရွာ၊ လုံဟောကျေးရွာ၊ မကျည်းခင်ကျေးရွာ၊ အောင်မြင်ကျေးရွာ၊ တောင်ပြင်ကျေးရွာနှင့် ဇီးပြား ကျေးရွာတွင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဂန့်ဂေါမြို့နယ်တွင် ရပ်ကွက် ကျေးရွာအုပ်စုပေါင်း (၇၇)အုပ်စုရှိပြီး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအရ (၁၀၇၇၉၇)ဦး ရှိကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)