ဘားအံမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

ဘားအံ  ဖေဖော်ဝါရီ   ၁၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်၊ ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး ရေးလုပ်ငန်း ကော်မတီနှင့် ပညာရေးနှင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းကို အစိုးရ နည်းပညာအထက်တန်းကျောင်း (ဘားအံ)တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသင်တန်းကို ကလေးအလုပ်သမားများ ပပျောက်ရေးနှင့် ကလေးငယ်များအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ဒေသတွင်းလူ့စွမ်း အားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နည်းပညာနှင့် သက်မွေးပညာရပ်များ သင်ယူနိုင်မှုအခွင့်အလမ်းများ ရရှိစေနိုင်ရန်၊ အလုပ် အကိုင် အခွင့်အလမ်းများရရှိပြီး တစ်ဦးချင်း ဝင်ငွေပိုမိုမြင့်မားလာစေရန် သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနန်းမိုးမိုးကြည်ထံမှ သိရှိရသည်။

အခြေခံစက်ချုပ်သင်တန်းကို (၁၄-၂-၂၀၂၂)ရက်နေ့မှ (၁၁-၃-၂၀၂၂)ရက်နေ့ထိ (၁)လတာကာလ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ နေ့စဉ်နံနက် ၉ နာရီမှ မွန်းလွဲ ၄ နာရီထိ သင်ကြားပေးလျက်ရှိပါသည်။  ၎င်းသင်တန်းတွင် ဘာသာရပ်များအဖြစ် ဖိစကပ် ချုပ်နည်း၊ သုံးလွှာထဘီချုပ်နည်း၊ လေးလွှာထဘီချုပ်နည်း၊ ရင်ဖုံးအင်္ကျီချုပ်နည်း၊ ရင်စေ့အင်္ကျီချုပ် နည်းများကို သင်ကြားပေးသွားမည် ဖြစ်ကြောင်းနှင့် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများမှ အသက် (၁၈)နှစ် အောက် သင်တန်းသူ(၂၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းကာလ ပြီးဆုံးပါက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)