မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံ အသိပေးနှိုးဆော်မှုများ မြန်အောင်၌ဆောင်ရွက်

မြန်အောင် ဖေဖော်ဝါရီ  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များကို ပြည်သူများသိရှိစေရန် ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များကို မြန်အောင်မြို့မ နေခြည်ဈေးအတွင်းနှင့် မြို့တွင်းကားဂိတ်တွင် မြို့နယ်မီးသတ် ဦးစီးဌာနဝန်ထမ်းများက အခ မဲ့ဖြန့်ဝေပေးခဲ့သည်။

မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံအသိပေးနှိုးဆော်ရာတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလန့်မှု၊ မီးလောင်မှုများ ဖြစ်ပွားခြင်းမရှိစေရန် မီးဖိုအသုံးပြုလျှင်၊ လျှပ်စစ်မီးအသုံးပြုလျှင်၊ ဆေးလိပ်သောက်လျှင်နှင့် လောင်စာဆီများ အသုံးပြုလျှင် လိုက်နာရမည့် အချက်များ၊ မိမိနေအိမ်နှင့် စီးပွားရေးလုပ်ငန်းများတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် လုပ်ဆောင်ရမည့် အချက်များနှင့် မီးလောင်မီးလန့်မှုဖြစ်ပွားပါ ကြိတ်၍ မီးငြိမ်းသတ်ခြင်း မပြုလုပ်ရန်၊ အနီးဆုံးမြို့နယ် မီးသတ်စခန်းသို့ ဆက်သွယ် အကြောင်းကြားရန် စသည့်အချက်များကို ပြည်သူများ သိရှိစေရန် အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်