ဘားအံ ဖေဖော်ဝါရီ ၁၈
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် လယ်ယာသုံးစက်ကိရိယာများအား စနစ်တကျ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းတတ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်လာစေရေးအတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက စက်မှုလယ်ယာဦးစီးဌာန၊ ကရင်ပြည်နယ် အမှတ်(၂၀) စက်မှုလယ်ယာစခန်းမှ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲကို ဘားအံမြို့ နတ်ကျွန်းကျေးရွာ သီရိမင်္ဂလာရွှေနတ်ကျွန်းတိုက်ကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် သီရိမင်္ဂလာရွှေနတ်ကျွန်းတိုက်ကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် သင်တန်းဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ အချိန်တိုအတွင်း ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းရန် လိုအပ်ခြင်းတို့ကြောင့် လယ်ယာသုံးစက်ကိရိယာများကို မဖြစ်မနေ အသုံးပြုလာကြသည်ကို မြင်တွေ့ရကြောင်း၊ လယ်ယာသုံးစက်ကိရိယာများသည် တန်ဖိုးမြင့်မားပြီး ရေရှည်အသုံးပြုနိုင်ရန်နှင့် လုပ်ငန်း များ တွင်တွင်ကျယ်ကျယ် ပြီးစီးနိုင်ရေးအတွက် စနစ်တကျ မောင်းနှင်တတ်ပြီး ထိန်းသိမ်းတတ်ရန် မှာလည်း အရေးကြီးကြောင်း၊ သင်တန်းသားများအနေဖြင့် နည်းပြများ၏ စာတွေ့၊ လက်တွေ့၊ လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံနှင့်အန္တရာယ်ကင်းရှင်းရေး အသိပညာများကို အချင်းချင်းမျှဝေဖလှယ် ကြပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးခင်မောင်သန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများကိုယ်စား သင်တန်းသား တစ်ဦးအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
အဆိုပါသင်တန်းသို့ ဘားအံမြို့နယ် ရွှေတောကျေးရွာအုပ်စု၊ နတ်ကျွန်းကျေးရွာမှ သင်တန်းသား ၃၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၂ ပတ်ကြာမြင့်မည်ဖြစ်ကာ လယ်ယာသုံး စက်ကိရိယာများမောင်းနှင် ထိန်းသိမ်းရန်အတွက် အခြေခံသိသင့်သိထိုက်သော အချက်များကို စာတွေ့ လက်တွေ့ စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပြီး သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်ကျွန်းကျေးရွာ လယ်ယာမြေအဆင့်မြှင့်တင်ခြင်း (၃၅၀)ဧက ဖော်ထုတ်ခြင်းလုပ်ငန်းရှင်းလင်းဆောင်၌ တောင်သူများနှင့်တွေ့ဆုံရာ စက်မှုလယ်ယာဦးစီး ဌာန ပြည်နယ်ဦးစီးမှူးက လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ မိမိတို့ပြည်နယ်တွင် နှစ်စဉ်လူဦးရေတိုးပွားလာခြင်းကြောင့် သီးထပ်သီးညှပ်များဖြင့် တစ်ဧကအထွက် နှုန်းကို ပိုမိုတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးလုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ လုပ်သားရှာပါးခြင်းနှင့် နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူး ပြောင်းလုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ လိုအပ်သည်များနှင့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တင်ပြကြစေလိုကြောင်း ပြောကြားရာ တောင်သူများက လိုအပ်သည်များဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း (၃၅၀) ဧက ဖော်ထုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား စားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ကာ လယ်ယာမြေအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိန္ဒုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး အိန္ဒုကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများရှိ အခြေခံပညာ ကျောင်းအုပ်ဆရာ/မများနှင့် တွေ့ဆုံ၍ သင်ကြားသင်ယူမှုများ ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်အခြေအနေများအား မေးမြန်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အထွေထွေအသုံးစရိတ်နှင့် ပြက္ခဒိန်များ ထောက်ပံ့ပေးအပ်ပြီး အိန္ဒုအထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမ၏ သင်ကြားသင်ယူနေမှု အခြေ အနေများအား ကြည့်ရှု့အားပေးခဲ့သည်။
အလားတူ ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်အသင်းထံ အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် (၂၀)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ်မြန်မာ့သိုင်းပြိုင်ပွဲဝင် အောင်ပွဲရ ကရင်ပြည်နယ် အသင်းအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို နံနက် ၁၁ နာရီခွဲခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ (အေရိုးဗစ်)အသင်းနှင့် မြန်မာ့သိုင်းအသင်း အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများက ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များအား တစ်ဦးချင်းဂါရဝပြု မိတ်ဆက် ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) အသင်းအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုထောက်ပံ့ ငွေကျပ် (၁၀) သိန်းကို ပေးအပ်ချီးမြှင့်ကာ (၂၀)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့ သိုင်းပြိုင်ပွဲတွင် ရွှေတံဆိပ်(၃)ခုနှင့်ကြေးတံဆိပ်(၂)ခုကို ရယူပေးခဲ့သော အားကစားသမားများနှင့် နည်းပြ၊ အုပ်ချုပ်သူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အလှူရှင်များ ကိုယ်စား တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် အသင်းအား ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ပြီး (၂၀) ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲဝင် ကရင်ပြည်နယ်အသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် အားကစားသမားများအား တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)