ပိုင်ကျုံမြို့ ကျေးရွာ(၄)ရွာချင်းဆက်လမ်းပေါ်တွင် Box Culvert (၄)ခု တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး

ပိုင်ကျုံ  ဖေဖော်ဝါရီ   ၁၈

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ   မဲသပုံ-ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာ(၄)ရွာချင်း ဆက်လမ်းပေါ်တွင် Box Culvert (၄)ခု တည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ၆လပတ် အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၁၈.၈၂၅) သန်းဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်‌ရှိကြောင်း၊ ၎င်းတည်ဆောက်ခြင်းလုပ်ငန်းကို သုမွဲထအောင်မြေကုမ္ပဏီမှ တာ၀န်ယူဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းလုပ်ငန်းများ ပြီးစီးခြင်းကြောင့် ပိုင်ကျုံမြို့ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ဥတုသုံးပါးလုံး လမ်းပန်းဆက်သွယ်‌ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် မြို့ သာယာလှပ၍ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပိုမိုလွယ်ကူအဆင်‌ပြေလာပြီးဖြစ်ကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး (ပြန်/ဆက်)