တနင်္သာရီမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ထိန်းချုပ်နိုင်ရေး အတွက် Mask Campaign အား အစဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိ

တနင်္သာရီ ဖေဖော်ဝါရီ ၁၈

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ ဝတ်ဆင်တတ်သည့် အလေ့အကျင့်ကောင်းများကို ဆက်လက် လိုက်နာကျင့်သုံးစေရေး ရည်ရွယ်ပြီး Mask Campaign အသွင်ဖြင့် အစဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီခွဲအချိန်မှစ၍ တနင်္သာရီမြို့မရဲစခန်းအရှေ့ လမ်းဆုံနေရာ တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးမှ ဦးဆောင်ကြီးကြပ်လျက် မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ မီးသတ် တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ ဝတ်ဆင်နည်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဖို့ မောင်တို့မယ်တို့ လိုက်နာစို့.. ဗွီနိုင်းပိုစတာ များ ကိုင်ဆောင်၍ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားမိဘ ပြည်သူများထံ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို (အခမဲ့) ဖြန့်ဝေပေးကြပြီး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ မဖြစ်မနေဝတ်ဆင်ရေး၊ ခရီးသွားလျှင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပြီးကြောင်းလက်မှတ် တပါတည်းယူဆောင်လာရေး၊ ကာကွယ်ဆေး မထိုးနှံရ သေးပါက ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန် အသိပညာပေးမှာကြားကာ စစ်ဆေးမှု များဖြင့် Mask Campaign ပြုလုပ်ကြောင်း သိရသည်။

ယင်းသို့ Mask Campaign ပြုလုပ်နေမှုကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်က လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)