ပေါင်းတည်မြို့နယ်တွင် Mask Campaign နှင့် အိုမီခရွန်ရောဂါပိုး ကာကွယ်ရေး အသိပညာပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပေါင်းတည် ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပိုးတွေ့မှုရှိလာသဖြင့်ပြည်သူများ အိုမီခရွန်ရောဂါ ပိုးကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့မှ Mask Campaignနှင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက စျေးရောင်းစျေးဝယ်များ စည်ကားသည့် စျေးအတွင်းနှင့် လမ်းမတန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက မြို့နယ်အတွင်းရှိ သွားလာနေသူ ပြည်သူများအနေဖြင့် ယခုအခါ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန် ရောဂါပိုးကူးစက်မှု ရှိလာသဖြင့် ရောဂါကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန်၊ နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေး ပြောကြားပြီး ပါးစပ်နှင့် နှာခေါင်းစည်း Maskများ တပ်ဆင်ခြင်းမရှိ သွားလာသူများအား Mask (၂)ခုလျင် ငွေငါးရာကျပ်ဖြင့်ဝယ်ယူစေပြီး စနစ်တကျ တပ်ဆင်ပြီးမှ သွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)