ဝိုင်းမော် ဩဂုတ် ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာမှ သစ္စာစီမံချက်ဖြင့်ဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းပေးအပ်မှုကို ဩဂုတ်လ(၂၆)ရက်နေ့ မွန်းလွဲ(၂)နာရီက ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ စစ်ဆေးရာတွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ဦးစိုးပိုင်မြင့်၊ မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးသန်းထွန်းအောင်နှင့်အဖွဲ့များက ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ နေ့လယ်(၁၂)နာရီက မဲစာရင်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့သည် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာများသို့ သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်နေသည့် လုပ်ငန်းများအား လှည့်လည်ကြည့်ရှုပြီး ရပ်ကွက်(၁)မှဆောင်ရွက် ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၂၀)အား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ဝိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမှ (၁၀-၇-၂၀၂၀)ရက်နေ့ မှစ၍ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ (၂၇-၈-၂၀၂၀) ရက်နေ့ထိ (၅၉၀)ကတ် ဆောင်ရွက်ပြီးစီးကြောင်းနှင့် ဆက်လက်၍ ကျန်ရှိသော ရပ်ကွက်/ကျေးရွာ များသို့ သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးစိုးမင်းထံမှ သိရှိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)