ငါးသိုင်းချောင်း ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မျိုးစေ့ထုတ်စပါးစိုက်တောင်သူများသို့ ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပရာ ရေကြည်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးလှမျိုးနွယ်၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဌေးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်အေးအေးကျော်တို့က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စိုက်ပျိုးဆောင်ရွက် သွားရမည့်လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ငါးသိုင်းချောင်းမြို့၊ ကျေးရွာအုပ်စု(၉)စုရှိ မျိုးစေ့ထုတ်စပါးစိုက်တောင်သူ(၁၇)ဦး စုစုပေါင်း မျိုးစေ့ထုတ် စပါးစိုက်ဧက(၄၅)ဧကအတွက် (CERP)အစီအစဉ်အရ ထောက်ပံ့ငွေ (ပထမအရစ်)ကို သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ရာ မျိုးစေ့ထုတ်စပါး စိုက်တောင်သူ(၁၇)ဦးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ (CERP) အစီအစဉ်အရ ထောက်ပံ့မှုများဆောင်ရွက်ရာတွင် မျိုးစေ့ထုတ် အတွေ့အကြုံရှိသူ၊ မျိုးစေ့ထုတ် သမဝါယမအသင်းဝင်ဖြစ်ခြင်း၊ ဘောင်ပျိုး၊ အစိုသမန်းစနစ်ဖြင့် ပျိုးထောင်ခြင်း၊ ကိုက်စိုက်စက်(သို့) တန်းလှပ်စနစ်စိုက်ပျိုးခြင်း၊ ဌာနနှင့်ပူးပေါင်းဆောင်ရွက်မှုရှိပြီး ကွင်းဆင်းဆောင်ရွက်ချက် လမ်းညွှန်ချက်များကို ဆောင်ရွက်ခြင်း၊ (Certified Seeds) မျိုးစေ့များကို ထုတ်လုပ်နိုင်ပြီး တောင်သူများကို ဆက်လက်ဖြန့်ဖြူးပေးနိုင်ခြင်း၊ မှတ်တမ်းမှတ်ရာ စနစ်တကျ ထားရှိနိုင်ခြင်းအစရှိသည့် အချက်များပါဝင်သော အခြေခံအချက် (၆)ချက်ဖြင့် ကိုက်ညီသော တောင်သူများကိုရွေးချယ်၍ ထောက်ပံ့မှုများဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယခုဩဂုတ်လအတွင်း ထောက်ပံ့မှုပထမအရစ်အနေဖြင့် အထွက်ကောင်းမျိုးစိုက်ဧက တစ်ဧကလျှင် မျိုးစေ့ဖိုး(၈၅၀ဝ)ကျပ်နှင့် အပင်ပြုစုလုပ်ခ (၇၅၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းစိုက်ဧက(၄၅)ဧက အတွက် (၃,၇၅၇,၅၀၀)ကျပ် ယနေ့ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း၊ အဆိုပါနှုန်းထားအတိုင်း ဒုတိယ အရစ်ထောက်ပံ့ခြင်းကို စက်တင်ဘာလအတွင်း ဆက်လက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့စိုက်ပျိုးရေး ရေးဦးစီးမှူးဒေါ်အေး အေးကျော်ကပြောကြားထားကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲကို ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူး၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ဒေသခံမျိုးစေ့ထုတ်စပါး စိုက်တောင်သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)