မော်လိုက်မြို့ပေါ်ရှိ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်မှ ပါဆယ်စနစ်ဖြင့် ပြောင်းလဲရောင်းချရန် ညွှန်ကြားထားကြောင်း သိရ

မော်လိုက်  ဖေဖော်ဝါရီ  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများ မြင့်တက်လာသည့်အတွက် ကူးစက်မှုအား ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ယနေ့မှစတင်၍ မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ ဈေးဆိုင်များအား ဆိုင်ထိုင်စနစ်မှ ပါဆယ်စနစ်ဖြင့် ပြန်လည်ပြောင်းလဲရောင်းချရန် ညွှန်ကြားထား ကြောင်း သိရသည်။

“မော်လိုက်မြို့နယ်မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတင်ပြီး ကိုဗစ်-၁၉ရောဂါကူးစက်မှု စတင်ပြီး (၃)ရက်အတွင်း ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/သူများအပါအဝင် ပိုးတွေ့လူနာ (၇၉)ဦး ထိရှိလာသည့်အတွက် ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ယနေ့မှစတင်ပြီး မြို့ပေါ်မှာရှိတဲ့ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စနစ်မှ ပါဆယ်စနစ်သို့ ယာယီပြောင်းလဲရောင်းချရန် ညွှန်ကြား ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှု  လျော့နည်းကျဆင်းသွားတဲ့ အချိန်ကြရင်တော့ ပုံမှန်အတိုင်း ရောင်းချခွင့်ပြုသွားမည်ဖြစ်ပြီး၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များအနေဖြင့် လတ်တလောညွှန်ကြားထားသည့် ညွှန်ကြားချက်များ လိုက်နာမှု ရှိ/မရှိကိုလည်း လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း” မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မော်လိုက်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှု ဆက်လက်မြင့်တက်လာပါက မြို့မစျေးကြီးကို နေ့တစ်ဝက် ဖွင့်လှစ်ရောင်းချရန် စီစဉ်ထားကြောင်းနှင့် လက်ရှိအချိန်တွင် မြို့မစျေးဝင်ပေါက်များ၌ စျေးရောင်းစျေးဝယ်ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ ပါးစပ်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ထားမှု ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း” မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိထံမှ သိရသည်။

မော်လိုက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများနှင့် ပြည်သူများအပါအဝင် စုစုပေါင်း(၇၉)ဦးထိ ရှိလာပြီဖြစ်ပြီး ၎င်းပိုးတွေ့လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကိုလည်း RDT Test Kit များဖြင့် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မော်လိုက်သားလေး