သံတောင် သြဂုတ် ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် Advancing Community Empowerment(ACE)စီမံချက်၏ ပံ့ပိုးမှုဖြင့် သံတောင်ကြီးအမျိုးသမီးများအဖွဲ့မှဦးဆောင်ကာ ရပ်ရွာလူထုအဆင့်တွင်အငြင်းပွားမှုများလျော့နည်းပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်များကို အထောက်အကူပြုရန်၊ ရပ်ရွာလူထုနှင့် အုပ်ချုပ်ရေးပိုင်းမှ ခေါင်းဆောင်များနှင့် နားလည်ယုံကြည်မှု ပိုမိုအားကောင်းလာစေရန်၊ ရပ်ရွာအတွင်းရှိအခက်ခဲများကို နားလည်ပြီး ကူညီမှုများပေးနိုင်ရန်ရည်ရွယ်၍ သံတောင်ကြီး မြို့နယ်အတွင်းရှိ ဒေသန္တရခေါင်းဆောင်များနှင့်အမျိုးသမီးများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က သံတောင်ကြီးမြို့ ပြည်သူ့စာကြည့်တိုက်၌ ပြုလုပ်သည်။
ရှေးဦးစွာ သံတောင်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး သံတောင်ကြီးအမျိုးသမီးများအဖွဲ့ ဒါရိုက်တာ ဒေါ်နော်မာမာချိုက အမျိုးသမီးများအား ယခုကဲ့သို့ ဒေသန္တရခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် လူရှေ့သူရှေ့ပြောရဲဆိုရဲရှိလာစေခြင်း၊ ခေါင်းဆောင်မှုစွမ်းရည်ကိုမြင့်မားလာစေခြင်း၊ အသိပညာများရှိလာခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိလာကာ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သံတောင်ကြီးမြို့၊ လိပ်သိုမြို့ရှိ ဆွေးနွေးပွဲတက်ရောက်လာသည့်အမျိုးသမီးများက မိမိတို့ဒေသအတွင်း ဖြစ်ပွားလျက်ရှိသော စီးပွားရေး၊ အကြမ်းဖက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝပတ်ဝန်းကျင်၊ လူငယ်ကဏ္ဍ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အမျိုးသမီးများ၏ဆွေးနွေးမှုများကို တက်ရောက်လာသော လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးတန်းစာရေး နော်လုကူ၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး နော်လော်မူ၊ မြို့နယ်လူမှူဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်း၊ သံတောင်မြို့ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဘုန်းတော်ကြီးများက ဆွေးနွေးမှုများအပေါ် ဝိုင်းဝန်းပေါင်းစပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)