ဖြူးမြို့နယ်၌ နွေစပါးစိုက်ပျိုးတောင်သူများအား သမန်းမွှေစက်သုံးကရိယာဖြင့် မောင်းနှင်သရုပ်ပြ

ဖြူး ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းဆောင်ရွက်ရာ တွင် လျှင်မြန်လွယ်ကူသည့် လယ်ယာသုံး စက်ကရိယာအသုံးပြုနိုင်စေရေး အတွက်ရည်ရွယ်ကာ စက်မှုလယ်ယာ ဦးစီးဌာန၊ အမှတ်(၈၇)စက်မှုလယ်ယာစခန်း(ဖြူးမြို့)မှ သစ်ပတ် ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာရှိ ကျေးရွာတောင်သူ ပိုင် နွေစပါးစိုက်ခင်းဧက(၃)ဧကတွင် ကျေးရွာတောင်သူများအား ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က လက်ကိုင်ရှည် လက်တွန်းထွန်စက်အား ထိုင်ခုံစီး၍ မောင်းနှင်နိုင်သော သမန်းမွှေစက်သုံးကရိယာဖြင့် မောင်းနှင် သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကိုင်ရှည်လက်တွန်းထွန်စက်အား ထိုင်ခုံစီး၍မောင်းနှင်နိုင်သော သမန်းမွှေစက်သုံး ကရိယာသည် တောင်သူများအတွက် လမ်းလျှောက် လက်တွန်း သမန်းမွှေစက်များထက် ထိုင်ခုံစီးကာ မောင်းနှင်နိုင်သော လူပင်ပန်းမှု မရှိခြင်း၊ မြန်ဆန်တွင်ကျယ်မှုရှိခြင်း စသည့်အားသာချက်များရှိသော ကြောင့် တောင်သူများအတွက် သုံးစွဲလိုပါက စက်မှု လယ်ယာဦးစီးဌာနမှ သင့်တော်သည့် ဈေးနှုန်းဖြင့် စီစဉ်ဆောင်ရွက်ပေးနိုင်ရေးနှင့် တောင်သူများကိုယ်တိုင် နမူနာယူ ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင် စေရေးအတွက် သရုပ်ပြသပေးခြင်း ဖြစ်ကြောင်းဖြူးမြို့နယ် စက်မှု လယ်ယာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

သမန်းမွှေစက်သုံးကရိယာဖြင့် မောင်းနှင်သရုပ်ပြပွဲသို့ တောင်ငူခရိုင်စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းလွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် ဌာနဆိုင်ရာများ၊ သစ်ပတ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၊ ပတ်ဝန်ကျင်ရှိကျေးရွာများမှ တောင်သူများ တက်ရောက်ကြ ကြောင်းသိရသည်။

နေမျိုးလွင်(ပြန်ဆက်)